ဒီမိုကရေစီဖော်ဆောင်ရာ မှာ နှောင့်ယှက်မှုတွေရှိကြောင်း ကာကွယ်ရေးဦးစီးချုပ် ပြော
2016.03.27

မြန်မာနိုင်ငံ ဒီမိုကရေစီဖော်ဆောင်ရာမှာ အဓိကနှောင့်ယှက်ဟန့်တားမှု ၂ ခုက စည်းကမ်း၊ လုပ်ထုံးလုပ်နည်းနဲ့ ဥပဒေကို လေးစားလိုက်နာမှု အားနည်းတာနဲ့ လက်နက်ကိုင်သောင်းကျန်းမှုတွေ ရှိနေခြင်းတွေဖြစ်တယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။
ဒီကနေ့ နေပြည်တော် တပ်မတော်စစ်ရေးပြကွင်းမှာကျင်းပတဲ့ ၇၁ နှစ်မြောက် တပ်မတော်နေ့ အခမ်းအနား မိန့်ခွန်း ပြောကြားရာမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ထည့်သွင်းပြောကြား လိုက်တာဖြစ်ပါတယ်။
"ဒို့ နိုင်ငံ ဒီမိုကရေစီဖော်ဆောင်ရာမှာ စည်းကမ်း၊ လုပ်ထုံးလုပ်နည်းနဲ့ ဥပဒေကို လေးစားလိုက်နာမှု အားနည်းခြင်နဲ့ လက်နက်ကိုင်သောင်းကျန်းမှု ရှိနေခြင်းပဲဖြစ်တယ်၊ ဒါတွေဟာ ပရမ်းပတာ ဒီမိုကရေစီ ကို ဦးတည်သွားစေနိုင်တယ်၊ ဒါကြောင့် ဒီအချက် ၂ ချက်ကို ပြုပြင်ကျော်လွှားနိုင်မှသာ ဒီမိုကရေစီ လမ်းကြောင်း ဖြောင့်ဖြူးစွာ လျှောက်လှမ်းနိုင်မှာပဲဖြစ်တယ်၊ တပ်မတော်ဟာ နိုင်ငံတော်နဲ့ ပြည်သူလူထု အကျိုးစီးပွားကိုဖြစ်ထွန်းအောင် ဖော်ဆောင်နိုင်ဖို့အတွက် ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ကြောင်း အလေးအနက်ပြောကြားလိုတယ်"
ဒါ့အပြင် ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာစေချင်ရင် ထိုက်တန်တဲ့ စည်းကမ်းရှိမှု၊ ဥပဒေလေးစားလိုက်နာ မှုတွေရှိရမယ်လို့လည်း ပြောကြားခဲ့ပါတယ်။
လက်နက်ကိုင်ပဋိပက္ခတွေရှိနေတဲ့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီစနစ် တည်တည်ငြိမ်ငြိမ်သွားနိုင်ဖို့ လက်နက်ကိုင် ပဋိပက္ခတွေ ချုပ်ငြိမ်းအောင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို အတတ်နိုင်ဆုံး လိုက်လျောလုပ်ဆောင် ပေးနေတယ် လို့လည်း ပြောပါတယ်။
ဒီနေ့ အခမ်းအနားကို တပ်မတော်က အငြိမ်းစားယူထားကြတဲ့ ပြည်ထောင်စုဝန်ကြီးတချို့ဟာ တပ်မတော်ယူနီဖောင်းတွေဝတ်ပြီး အခမ်းအနား တက်ရောက်ခဲ့ကြတာ တွေ့ရသလို နိုင်ငံတကာက သံတမန်အရာရှိတွေနဲ့ လွှတ်တော်ရေးရာကော်မတီက တာဝန်ရှိသူတွေလည်း တက်ရောက်ခဲ့ကြပါတယ်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ပြောကြားခဲ့တဲ့ မိန့်ခွန်းတွေထဲက အချက်အလက်တချို့ကို RFA သတင်းထောက် ကိုဝင်းကိုကိုလတ် ကောက်နှုုတ်တင်ပြ ထားပါတယ်။