ရိုဟင်ဂျာလူမျိုးမရှိကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြော


2017.03.27
minaunghlaing-620.jpg ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို မတ်လ ၂၇ ရက်နေ့က ကျင်းပတဲ့ ၇၂ နှစ်မြောက် တပ်မတော်နေ့အခမ်းအနားမှာ တွေ့ရစဉ်
Photo: Win Ko Ko Latt/ RFA

မြန်မာနိုင်ငံမှာ ရိုဟင်ဂျာလူမျိုးဆိုတာ မရှိကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် က ဒီနေ့ ပြောကြားခဲ့ပါတယ်။

နေပြည်တော်မှာ ကျင်းပတဲ့ ၇၂ နှစ်မြောက် တပ်မတော်နေ့အခမ်းအနားမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မိန့်ခွန်းပြောကြားခဲ့တာဖြစ်ပါတယ်။

"လူမျိုးရေးနဲ့ ပတ်သက်ပြီး တို့နိုင်ငံမှာ ရိုဟင်ဂျာလူမျိုး မရှိဘူးဆိုတာ ကမ္ဘာကိုအသိပေးပြီးဖြစ်တယ်"

၂၀၁၆ ခုနှစ် အောက်တိုဘာလမှာ ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုတွေကြောင့် ဖြစ်ပေါ်လာတဲ့ ဒုက္ခသည်တွေကို အကြောင်းပြု ပြီး နိုင်ငံရေးစွက်ဖက်မှုတွေ ရှိလာကြောင်း၊ နိုင်ငံအတွင်းဖြစ်ပေါ်နေတဲ့ နိုင်ငံရေး အခြေအနေတွေ၊ ဘာသာရေးနဲ့ လူမျိုးရေးအကြောင်းပြုပြီး ဆောင်ရွက် လာတာတွေဟာ နိုင်ငံတော်ရဲ့အချုပ်အခြာ အာဏာကို ထိပါးလာနိုင်တဲ့အတွက် တပ်မတော်က ကာကွယ်သွားဖို့ တာဝန်ရှိကြောင်းလည်း ပြောခဲ့ပါတယ်။

ဒါ့အပြင် ၂၀၁၆ ခုနှစ်အတွင်း ရခိုင်ပြည်နယ်မြောက်ပိုင်း၊ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ် အရှေ့မြောက်ပိုင်း မုံးကိုးနဲ့ လောက်ဒေသမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေနဲ့ အကြမ်းဖက်တွေဟာ နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာကို ထိပါးလာတဲ့အတွက် တပ်မတော်က ကာကွယ်တိုက်ခိုက်ခဲ့တာ ဖြစ်တယ် လို့လည်း ပြောခဲ့ပါတယ်။

အမျိုးသားနိုင်ငံရေး နဲ့ ပါတီနိုင်ငံရေး ကွဲပြားပုံနဲ့ အမျိုးသားအကျိုးစီးပွားကို ထိန်းသိမ်းဖို့အတွက် တပ်မတော်လို အမျိုးသားနိုင်ငံရေးအင်အားစုတစ်စု ရှိဖို့လိုအပ်ကြောင်း ပြောခဲ့ပါတယ်။

တပ်မတော်ဟာ တရားဥပဒေစိုးမိုးရေးအတွက် အုပ်ချုပ်ရေးအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက် နေကြောင်း လည်း ပြောပါတယ်။

ဒါ့အပြင် ၂၁ ရာစု ခေတ်သစ်စစ်ပွဲကို ဆင်နွှဲနိုင်တဲ့ တပ်မတော်ဖြစ်အောင် ကြိုးစားတည်ဆောက် နေကြောင်း ဆိုပါတယ်။

လက်ရှိအစိုးရလက်ထက်မှာ အကောင်အထည်ဖော်နေတဲ့ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေမှာ အခက်အခဲတွေ ရှိနေကြောင်း၊ နိုင်ငံရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေး၊ တိုင်းရင်းသားရေးရာ နဲ့ ပြည်တွင်း ငြိမ်းချမ်းရေး ကိစ္စတွေကို ကြိုးစားအကောင်အထည်ဖော်ပေမယ့် အတိုင်းအတာတစ်ခု အထိသာ ဆောင်ရွက်နိုင်ခဲ့ပြီး နိုင်ငံတော် ရဲ့ ပြုပြင်ပြောင်းလဲရေးမှာ တပ်မတော်က ဆက်လက်ကူညီဆောင်ရွက် ပေးရမှာ ဖြစ်တယ်လို့လည်း ပြောခဲ့ပါတယ်။

၇၂ နှစ်မြောက် တပ်မတော်နေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ နေပြည်တော်မှာ ဆောက်လုပ်ထားတဲ့ သူရဲကောင်းဗိမာန်ကို ဖွင့်လှစ်ပေးခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။