အာဏာသိမ်းကာလ NLD ပါတီရုံးတွေ အကြိမ်တစ်ရာကျော် တိုက်ခိုက်ခံရ

2022.07.05
အာဏာသိမ်းကာလ NLD ပါတီရုံးတွေ အကြိမ်တစ်ရာကျော် တိုက်ခိုက်ခံရ ဖျက်ဆီးခံရသည့် စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးကို ၂၀၂၁ ခုနှစ် ဇွန်လ ၂၅ ရက်နေ့မှာ တွေ့ရစဉ်
Photo: Citizen Journalist

စစ်တပ်က အာဏာသိမ်းပြီးနောက် နိုင်ငံတစ်ဝန်းမှာရှိတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီရဲ့ ရုံးတွေဟာ ဇူလိုင်လ ၁ ရက်နေ့အထိ ၁၀၆ ကြိမ် တိုက်ခိုက်ဖျက်ဆီးခံရ တယ်လို့ NLD ပါတီက ဇူလိုင်လ ၅ ရက် ဒီနေ့ ထုတ်ပြန်ပါတယ်။

ပါတီရုံးတွေ တိုက်ခိုက်ဖျက်ဆီးခံရတဲ့ထဲမှာ ရပ်ကွက်/ကျေးရွာ၊ မြို့နယ်၊ တိုင်းနဲ့ ပြည်နယ် ရုံးတွေအပြင် ဗဟိုအဆင့်ထိ ရုံးတွေပါဝင်တယ်လို့ NLD ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှု မှတ်တမ်းများ ကောက်ယူရေးအဖွဲ့ရဲ့ စာရင်းတွေမှာ ဖော်ပြထားပါတယ်။

NLD ပါတီ ရုံးခန်းတွေ တိုက်ခိုက်ခံရတာနဲ့ ဖျက်ဆီးခံရမှုတွေမှာ စစ်ကိုင်းတိုင်းက အများဆုံးဖြစ်ပြီး ၂၀၂၀ ရွေးကောက်ပွဲ အနိုင်ရပါတီဖြစ်တာကြောင့် စစ်ကောင်စီက တိုက်ခိုက်နေတာလို့ NLD ပါတီ စမ်းချောင်းမြို့နယ် ဥက္ကဋ္ဌ ဦးဘိုဘိုဦးက ပြောပါတယ်။

"ရန်ကုန်၊ စစ်ကိုင်း၊ တနင်္သာရီ၊ ပဲခူး၊ မန္တလေး၊ မကွေး၊ မွန်၊ အများဆုံးပါ။ စစ်ကိုင်းက (တိုက်ခိုက်ခံရတဲ့ရုံး) အရေအတွက်အများဆုံးပါ"

ပါတီရုံးတွေ ကျူးကျော်၊ ဖျက်ဆီးခံရတဲ့ အချိန်တွေဟာလည်း ပုဒ်မ ၁၄၄ ထုတ်ပြန်ထားတဲ့ လူအသွားအလာနည်းပါးတဲ့ အချိန်တွေမှာ ဖြစ်ခဲ့တာလို့ NLD က ဆိုပါတယ်။

ပါတီရုံးတွေ တိုက်ခိုက်၊ ဖျက်ဆီးခံခဲ့ရတာတွေအပြင် လွှတ်တော်ကိုယ်စားလှယ် ၁၁၉ ယောက်အပါအဝင် ပါတီဝင်ပေါင်း ၂၂၄ ယောက်ရဲ့ နေအိမ် အဆောက်အအုံတွေကိုလည်း ချိပ်ပိတ်၊ သိမ်းဆည်းမှုတွေ ရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

လက်ရှိမှာလည်း NLD က တာဝန်ပေးအပ်ထားတာ မရှိတဲ့သူတွေနဲ့ ရုံးချုပ် အဆောက် အအုံထဲ ဝင်ရောက်ဖို့ကြိုးစားတာ၊ ရုံးပြန်ဖွင့်ဖို့ ကြိုးစားတာတွေရှိနေပြီး ဒီလုပ်ရပ်တွေကို ခွင့်မပြုသလို၊ ကျူးကျော်ဝင်ရောက်လာသူတွေကို တရားဥပဒေ၊ ပါတီစည်းကမ်းထိန်းသိမ်း ရေးအရ အရေးယူသွားမယ်လို့ ဆိုပါတယ်။

ရန်ကုန်မြို့က NLD ဗဟိုရုံးချုပ်ကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ၊ မတ်လနဲ့ ဇွန်လတွေအတွင်း ဝင်ရောက်စီးနင်းခံရတာ၊ မီးကွင်းပစ်ခံရတာ၊ ဗုံးနဲ့ တိုက်ခိုက်တာတွေ လုပ်ဆောင်ခံခဲ့ရပြီး ဒီအတွက် အမှုဖွင့်တိုင်ကြားခဲ့သူ ဗဟိုကော်မတီဝင် ဦးဘမျိုးသိန်း နဲ့ ဦးစိုးလေး တို့ကို မတရားအသင်းဆက်သွယ်မှု ပုဒ်မ ၁၇ (၁) နဲ့ ဖမ်းဆီးထောင်ချခံရတဲ့ ဖြစ်စဉ်တွေလည်း ရှိခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။