NLD လွှတ်တော်အမတ် ဦးဝေလင်းအောင်ကို ထောင်ဒဏ် ၁၀ နှစ်ထပ်တိုး

RFA Burmese
2023.07.28
NLD လွှတ်တော်အမတ် ဦးဝေလင်းအောင်ကို ထောင်ဒဏ် ၁၀ နှစ်ထပ်တိုး NLD မြောင်းမြလွှတ်တော်အမတ် ဦးဝေလင်းအောင်အား တွေ့ရစဉ်။
လူထုနွေဦး

ဧရာဝတီတိုင်း၊ မြောင်းမြမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးဝေလင်းအောင်ဟာ ပြီးခဲ့တဲ့ ဇူလိုင်လ ၁၂ ရက်နေ့က ထောင် ၁၀ နှစ် ထပ်ချခံရတာကြောင့် ထောင်ဒဏ် စုစုပေါင်း ၃၈ နှစ်အထိ ရှိလာတယ်လို့ မိသားစုနဲ့ နီးစပ်သူတွေက ဇူလိုင် ၂၈ ရက် ဒီနေ့ RFA ကို ပြောပါတယ်။

ဦးဝေလင်းအောင်ဟာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလ ၂၈ ရက်နေ့က  မြဝတီခရိုင်တရားရုံးမှာ အကြမ်းဖက်မှု တိုက်ဖျက် ရေးဥပဒေပုဒ်မ - ၅၂ (က)၊ ၅၀ (က)၊ ၅၀ (ည)၊ နိုင်ငံတော် ပုန်ကန်မှု ရာဇသတ်ကြီးဥပဒေပုဒ်မ- ၁၂၂ တို့နဲ့ အလုပ်နဲ့ ထောင်ဒဏ် ၂၆ နှစ် ချမှတ်ခံထား ရပါတယ်။ အလားတူ မြောင်းမြအကျဉ်းထောင်တွင်းတရားရုံးမှာလည်း ပြီးခဲ့တဲ့ ဧပြီလက ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅(က) နဲ့ ထောင် နှစ်နှစ်၊ ဇူလိုင်လ ၁၂ ရက်နေ့က အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ - ၅၀ (ည) အရ နောက်ထပ် ထောင်ဆယ်နှစ် ချမှတ်ခံလိုက်ရတာပါ။

ပြီးခဲ့တဲ့ ဇွန်လထဲမှာ ရုံးချိန်းနှစ်ခါသွားပြီးတဲ့နောက် ဇူလိုင်လထဲမှာ ထောင်ဒဏ် ၁၀ နှစ် ထပ်ချလိုက်တယ် ဆိုတာကို အခုမှသိရတာလို့ မိသားစုနဲ့နီးစပ်သူတစ်ဦးက RFA ကို ပြောပါတယ်။

“ရုံးချိန်းနှစ်ခါသွားရတယ်ပေါ့။ ဖအေ မအေ သက်သေအဖြစ် နှစ်ခါသွားရတယ်လေ ဒါပဲရှိတယ်။ ပြီးမှ ပြစ်ဒဏ်ချ လိုက်ပြီလို့သိရတာ”

ပြီးခဲ့တဲ့ ဇွန်လ ရုံးချိန်းမှာ ဦးဝေလင်းအောင်ကို မိသားစုက နောက်ဆုံးတွေ့ခွင့်ရခဲ့ပြီး ကျန်းမာရေးကောင်းမွန်တယ်လို့လည်း ဆိုပါတယ်။

ဦးဝေလင်းအောင်ဟာ ဘားအံအကျဉ်းထောင်ကနေ မြောင်းမြအကျဉ်းထောင် ကို ၂၀၂၃ ခုနှစ်၊ မတ်လထဲမှာ ပြောင်းရွှေ့ခံရတာလို့ မိသားစုနဲ့နီးစပ်သူတွေက ပြောပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့နယ် လေးကေ့ကော် မြို့မှာ ခေတ္တတိမ်း ရှောင်နေတဲ့ ဦးဝေလင်းအောင်ကို စစ်ကောင်စီက  ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၁၅ ရက်နေ့က ဖမ်းဆီးခဲ့တာပါ။

NLD ပါတီရဲ့  ၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၃ ရက်နေ့အထိ စာရင်းတွေအရ အာဏာသိမ်း နှစ်နှစ် အတွင်းမှာ ဖမ်းဆီးခံခဲ့ရတဲ့ လွှတ်တော် ကိုယ်စားလှယ် ၁၃၂ ဦး ရှိပြီး အဲဒီအထဲက ၇၇ ဦး ဟာ အကျဉ်းထောင် အသီးသီးမှာ ဆက်လက်ဖမ်းဆီးခံထားရဆဲ ဖြစ်ပါတယ်။ 

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။