ဆင်ပေါင်ဝဲ တိုင်းလွှတ်တော်ကိုယ်စားလှယ်ရဲ့ ဖခင် နှမ်းခင်းထဲမှာ ပစ်သတ်ခံရ

2021.07.17
ဆင်ပေါင်ဝဲ တိုင်းလွှတ်တော်ကိုယ်စားလှယ်ရဲ့ ဖခင် နှမ်းခင်းထဲမှာ ပစ်သတ်ခံရ ဆင်ပေါင်ဝဲမြို့ကို Google mapမှ တွေ့ရစဉ်
Photo: Google Map

မကွေးတိုင်း ဆင်ပေါင်ဝဲမြို့နယ် သငှားကျေးရွာက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးရန်အောင်မျိုးရဲ့ဖခင်ကို စစ်ကောင်စီတပ်ဖွဲ့ဝင် အယောက် ၃၀ တို့က သေနတ်နဲ့ ပစ်သတ်လိုက်ကြပါတယ်။

ဇူလိုင် ၁၆ ရက် မနေ့က စစ်ကောင်စီတပ်တွေက တိုင်းလွှတ်တော်အမတ် ဦးရန်အောင်မျိုးကို လာဖမ်းစဉ် မတွေ့လို့ ဖခင်ဖြစ်သူ အသက် ၆၇ နှစ်အရွယ် ဦးတင်အုန်းကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးခဲ့ပြီး နှမ်းခင်းထဲမှာ သေနတ်နဲ့ ပစ်ခတ်ခဲ့တာကြောင့် သေဆုံးသွားပါတယ်။

ဦးတင်အုန်းဟာ အနောက်ကနေ သေနတ်နဲ့ ပစ်ခတ်ခံခဲ့ရတာဖြစ်ပြီး အလောင်းကို လှည်းနဲ့တင်ကာ ဆင်ပေါင်ဝဲဆေးရုံကို ခေါ်သွားပြီး ညနေ ၃ နာရီလောက်မှာ အလောင်းလာယူဖို့ မြို့နယ် ရဲစခန်းကနေ အကြောင်းကြားလာတယ်လို့ ဦးတင်အုန်းနဲ့ ဆွေမျိုးတော်စပ်သူ လုံခြုံရေးအရ နာမည်မဖော်ချင်တဲ့သူက ပြောပါတယ်။

ဦးတင်အုန်းရဲ့အလောင်းကို သွားယူတဲ့အခါမှာ ရင်ခွဲချုပ်ထားတာ၊ အနောက်ကနေ လည်ပင်းအရှေ့ကို ပေါက်ထွက်နေတဲ့ဒဏ်ရာ၊ ကျော ဘယ် ညာ ၂ ဖက်ပေါက် ထွက်ဒဏ်ရာတွေ၊ နောက်စေ့ ချိုင့်နေတဲ့ ဒဏ်ရာတွေကို တွေ့ရတယ်လို့ ပြောပါတယ်။

အပေါ်ပိုင်းမှာပဲ သေနတ်ကျည်ပေါက် ဒဏ်ရာတွေတွေ့ပြီး ခန္ဓာကိုယ်အောက်ပိုင်းမှာ ဘာဒဏ်ရာမှ မတွေ့ရဘူးလို့လည်း ပြောပါတယ်။

မိသားစုကို နောက်ထပ်အန္တရာယ်ပေးလာမှာ စိုးရိမ်တာကြောင့် ဦးတင်အုန်းအလောင်းကို နေ့ချင်းပြီး သင်္ဂြိုဟ်လိုက်ရတယ်လို့လည်း ပြောပါတယ်။

ဦးတင်အုန်း အသတ်မခံရခင် ၂ လလောက်က ရှောင်နေရတဲ့ တိုင်းလွှတ်တော် ကိုယ်စားလှယ် ဦးရန်အောင်မျိုးကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လာရှာသေးတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။