တောင်တွင်းကြီးက ကိုအောင်ခန့်ဦး မိသားစုလိုက် အဖမ်းခံထားရ
မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ်က ကိုအောင်ခန့်ဦးဟာ ဖေဖော်ဝါရီ ၁ ရက် ကတည်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ဖမ်းဆီးတာခံခဲ့ရပြီး ခုချိန်ထိ အဆက်အသွယ် မရသေးသလို မိသားစုဝင်တွေလည်း အဖမ်းခံထားရဆဲလို့ ဒေသခံတွေက ပြောပါတယ်။
အသက် ၃၀ ခန့်ရှိ ကိုအောင်ခန့်ဦး (ခေါ်) ကိုအောင်အောင်ကို PDF နဲ့ ဆက်စပ်တယ်လို့ စစ်ကောင်စီက စွပ်စွဲပြီး ဖေဖော်ဝါရီ ၁ ရက်က သူတိမ်းရှောင်နေတဲ့ မကွေးမြို့အနီးမှာ အဖမ်းခံခဲ့ရတာလို့ ဒေသခံတစ်ဦး က RFA ကို ပြောပါတယ်။
" ဖေဖော်ဝါရီ ၁ ရက် မနက်မှာ ဖမ်းမိသွားတယ်။ အဲဒီနေ့မနက်မှာ သူ့ကို ဆက်သွယ်လို့ မရတော့ဘူး။ အဖမ်းခံလိုက်ရတာ သေချာတယ်။ သူအဖမ်းခံပြီးလည်း သူ့အမေ သူ့ညီမတွေကို ပြန်မလွှတ်သေးဘူး "
သူ့ကို ဘယ်ကို ဖမ်းဆီးခေါ်ဆောင် သွားတယ်ဆိုတာ မသိရသေးသလို အသက်အန္တရာယ် စိုးရိမ်ရတယ်လို့လည်း ပြောပါတယ်။
ပြီးခဲ့တဲ့နှစ် ဩဂုတ် ၁၆ ရက်မှာ တောင်တွင်းကြီးမြို့ကနေ အိမ်ကို လာရောက်ရှာဖွေပြီး ကိုအောင်ခန့်ဦးကို မတွေ့လို့ ညီဖြစ်သူ ကိုနောင်ကိုလတ် အဖမ်းခံခဲ့ရသလို နိုဝင်ဘာ ၁၀ ရက်မှာ ဖခင် ဦးသန်းထွန်း၊ ဒီဇင်ဘာ ၁၃ ရက်မှာ မိခင်၊ အစ်မ နဲ့ အသက် ၁၂ နှစ်အရွယ် ညီမ တို့ မိသားစုလိုက် အဖမ်းခံခဲ့ရပါတယ်။
ဇန်နဝါရီလထဲမှာ ညီမဖြစ်သူပြန်လွတ်လာပြီး ကျန်တဲ့ မိသားစုဝင်တွေကို ခုချိန်ထိ ပြန်မလွှတ်သေးဘူးလို့ ဆိုပါတယ်။
စစ်ကောင်စီဟာ ကိုအောင်ခန့်ဦး အပါအဝင် လူငယ် ၂၀ ဦးရဲ့ ဓာတ်ပုံတွေကို တောင်တွင်းကြီး မြို့အဝင်ဂိတ်မှာ အလိုရှိကြောင်း ချိတ်ဆွဲထားပါတယ်။
ဒါ့အပြင် စစ်တပ်နဲ့ပူးပေါင်းကြဖို့ ရေးထားတဲ့ လက်ကမ်းစာစောင်တွေကိုလည်း တောင်တွင်းကြီးမြို့မှာ ဖြန့်ဝေနေတယ်လို့လည်း မြို့ခံတွေက ပြောပါတယ်။