နှမ်းခါးရွာက သက်ကြီးရွယ်အို သုံးဦး စစ်ဘေးရှောင်ရင်း သေဆုံး

မကွေးတိုင်း ဂန့်ဂေါမြို့နယ် နှမ်းခါးရွာမှာ ဒီဇင်ဘာလ ၁၇ ရက်နေ့ စစ်တပ်က လေကြောင်းကနေ ပစ်ခတ် တိုက်ခိုက်ခဲ့လို့ စစ်ဘေးရှောင်ရင်းကနေ သက်ကြီးရွယ်အို သုံးဦး သေဆုံးခဲ့ရတယ်လို့ နှမ်းခါး ရွာသားတွေက ပြောပါတယ်။
အသက် ၇၀ အထက် အရွယ်တွေဖြစ်ကြပြီး ပစ်ခတ်သံတွေကြောင့် ထိတ်လန့်ရတာ၊ စစ်ဘေးရှောင်ရင်း ရာသီဥတုနဲ့ ခရီးလမ်းပင်ပန်းမှု ဒဏ်တွေကြောင့် သေဆုံးခဲ့ရတာလို့ နှမ်းခါးရွာသား တစ်ဦးက RFA ကို ပြောပါတယ်။
"ပြေးလွှားခဲ့ရတဲ့ဒဏ်ရယ် ပင်ပန်းတဲ့ဒဏ်ရယ် ဒီရက်ပိုင်း တအား အေးတယ်ဗျ အခုက သက်ကြီးပိုင်း တွေဆို သိပ်ဒဏ်မခံနိုင်ကြဘူးဗျ "
ဒီဇင်ဘာ ၁၇ ရက်က နှမ်းခါးရွာကို စစ်လေယာဉ်တွေနဲ့ ပစ်ခတ်တဲ့အချိန် သေနတ်သံ၊ လက်နက်ကြီး ပစ်ခတ်သံနဲ့ ဗုံးပေါက်ကွဲတဲ့ အသံတွေကို ကြားပြီး အသက် ၈၀ အရွယ် အဘွားအိုတစ်ဦး ထိတ်လန့်ပြီး သေဆုံးခဲ့တယ်လို့ ပြောပါတယ်။
ဒီဇင်ဘာ ၂၄ ရက်က အသက် ၉၀ အရွယ် အဘိုး ဦးအောင်မြိုင်နဲ့ အသက် ၇၀ ဝန်းကျင်အရွယ် အဘိုး ဦးမြတ်အေးတို့လည်း စစ်ဘေးရှောင်လို့ရတဲ့နေရာကို ရောက်ခါမှ ပင်ပန်းခဲ့တဲ့ဒဏ် ရာသီဥတုဒဏ်တွေကြောင့် သေဆုံးခဲ့ရတယ်လို့ ပြောပါတယ်။
နှမ်းခါးရွာကို စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေက မကြာခဏ ဝင်ရောက်ခဲ့ကြလို့ စစ်ဘေးရှောင်ရင်း သေ ဆုံးရတဲ့ သက်ကြီးရွယ်အို ၁၀ ဦး ကျော်ရှိသွားပြီလို့ ရွာသားတွေက ပြောပါတယ်။