မြိုင်မြို့ ဗဟင်းရွာနဲ့ ရဲကင်းစခန်းကို စစ်ကောင်စီတပ်သားတွေ မီးရှို့ခဲ့ကြောင်း မြိုင် PDF ပြော

မကွေးတိုင်း၊ မြိုင်မြို့နယ် ဗဟင်းရွာနဲ့ ဗဟင်းရဲကင်းစခန်းကို နိုဝင်ဘာလ ၂၁ ရက် မနေ့က စစ်ကောင်စီတပ်သားတွေ မီးရှို့ခဲ့တယ်လို့ မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြောပါတယ်။
မနေ့ မနက်ပိုင်းကတည်းက ဗဟင်းရဲကင်းစခန်းမှာရှိတဲ့ အချုပ်ခန်းနဲ့ လိုင်းခန်းတွေကို မီးရှို့ပြီးနောက် ရွာကိုမီးဆက်ရှို့တာလို့ မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ခေါင်းဆောင် ဗိုလ်လကျာ်က RFA ကို ပြောပါတယ်။
"သူတို့ စခန်းရုပ်တာပါ။ ကျနော်တို့ ဒီဘက်က ကာကွယ်ရေးအဖွဲ့တွေ အင်အားကောင်း တော့ သုံးရက်တစ်ကြိမ်၊ ငါးရက်တစ်ကြိမ် ပစ်ခတ်နေကြတော့ ဗဟင်းရဲစခန်းမှာ သူတို့ ခံရတာများလာတော့ သူတို့ စခန်းတွေ ဖျက်ဆီးမီးရှို့တော့တာပဲ"
မြိုင်မြို့က အင်အားတစ်ရာကျော်ရှိတဲ့ စစ်ကြောင်းဟာ နိုဝင်ဘာလ ၂၀ ရက်နေ့မှာ ဗဟင်းရွာကို ရောက်လာပြီးနောက် နိုဝင်ဘာလ ၂၁ ရက် မနေ့မှာ အခုလိုလုပ်ခဲ့တာလို့ ဆိုပါတယ်။
လက်ရှိအချိန်အထိ အိမ်ခြေ ၄၀၀ ၀န်းကျင်ရှိတဲ့ ဗဟင်းရွာမှာ နေအိမ် ၅၂ လုံး မီးလောင် ပျက်စီးသွားတယ်လို့ မြိုင်တော်လှန်ရေးအဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး RFA အနေနဲ့ သီးခြားအတည်မပြနိုင်သေးသလို စစ်ကောင်စီပြောခွင့်ရ သူကလည်း နေအိမ်တွေကို စစ်ကောင်စီတပ်သားတွေက ဘယ်တော့မှ မီးမရှို့ဘူးလို့ RFA ကို အရင်က ငြင်းဆိုထားပါတယ်။
နိုဝင်ဘာလ ၂၂ ရက် ဒီကနေ့ မနက်ပိုင်းမှာ စစ်ကောင်စီတပ်ဟာ ဗဟင်းရွာကနေ ပြန်ထွက်ခွာသွားခဲ့ပေမယ့် အဲဒီရွာအပါအဝင် အနီးအနားရွာတွေက ဒေသခံတွေကတော့ အခုအချိန်ထိ ထွက်ပြေးနေရဆဲဖြစ်တယ်လို့ ပြောပါတယ်။