NLD လွှတ်တော်အမတ် ၂ဝ ကျော် တိုင်ကြားခံရ
2016.05.14

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီက လွှတ်တော်ကိုယ်စားလှယ် ၂၀ ကျော်နဲ့ပတ်သက်ပြီး ပါတီရဲ့ ဗဟိုတိုင်ကြားရေးဌာနထံ တိုင်ကြားစာ ပေးပို့ ထားကြောင်း ဌာနတာဝန်ခံ ဒေါက်တာမျိုးညွန့် က ပြောပါတယ်။
တိုင်ကြားမှုတွေထဲမှာ လွှတ်တော်ကိုယ်စားလှယ်နဲ့ ပါတီရဲ့ မြို့နယ်အလုပ်အမှုဆောင်အဖွဲ့ကြား ဆက်ဆံရေး မပြေလည်မှုကြောင့် တိုင်ကြားတာများတယ်လို့ ဗဟိုတိုင်ကြားရေးဌာန တာဝန်ခံ ဒေါက်တာမျိုးညွန့် က ပြောပါတယ်။
"ကိုယ်စားလှယ်ပေါင်း ၂ဝ ကျော်လောက်ကိုတော့ တိုင်ကြားထားပါတယ်၊ ကိုယ်စားလှယ်နဲ့ အမှုဆောင်အဖွဲ့ကြား ဆက်ဆံရေးအဆင်မပြေတာ ဒါလေးတွေကို တိုင်ကြားတာပိုများပါတယ်၊ ကိုယ်စားလှယ်အနေနဲ့ကလည်း မိမိကိုမဲရရှိဖို့အတွက် စွမ်းစွမ်းတမံဆောင်ရွက်ခဲ့တယ်နော်၊ မြို့နယ်၊ ရပ်ကျေး၊ ပါတီဝင်၊ အမှုဆောင်အဖွဲ့တွေကို ပြစ်ပယ်သလိုမျိုးဖြစ်သွားတာမျိုးလေးတွေလည်း ရှိပါတယ်၊ နောက်တစ်ခါ မြို့နယ်အမှုဆောင်ကနေပြီးတော့ ကိုယ်စားလှယ်ကို လမ်းညွှန်ပြီး ဂိုက်လိုင်းပေးချင်တာ အဲ့ဒီလို အစွန်းရောက်တာလေးတွေ ရှိတက်ပါတယ်၊ အဲ့ဒါမျိုးတွေကြောင့် ကျနော်တို့ ပွတ်တိုက်မှု တွေဖြစ်နေတာပဲ"
တိုင်ကြားမှုတွေထဲမှာ လွှတ်တော်ကိုယ်စားလှယ်လောင်း ရွေးချယ်စဉ်က မကျေနပ်မှုတွေလည်း ပါသလို လွှတ်တော်ကိုယ်စားလှယ်တချို့ရဲ့ ဆောင်ရွက်ချက်တွေ ဟာ ကိုယ်စားလှယ်တစ်ဦးမှာ ရှိသင့်ရှိထိုက်တဲ့ အပြုအမူတွေနဲ့ မကိုက်ညီဘူးလို့ ယူဆပြီး တိုင်ကြားတာတွေလည်း ရှိပါတယ်။
တိုင်ကြားစာတွေနဲ့ပတ်သက်ပြီး မှန်ကန်မှု ရှိ မရှိကို တိုင်ကြားသူတွေကို ခေါ်ယူမေးမြန်းပြီး မှန်ကန်တယ်ဆိုရင် တိုင်ကြားခံရသူကို ပါတီစည်းကမ်းထိန်းသိမ်းရေး အရ အဆင့်မြင့်တာဝန် ထမ်းဆောင်ခွင့် ရပ်ဆိုင်းတာ၊ ပါတီဝင်အဖြစ်ကနေ ထုတ်ပယ်တာတွေအထိ ဗဟိုအလုပ်အမှုဆောင် အဖွဲ့က အရေးယူမှာဖြစ်ပါတယ်။
တိုင်ကြားခံထားရသူတွေဟာ စစ်ကိုင်း၊ မန္တလေး၊ ပဲခူး၊ ဧရာဝတီ စတဲ့ တိုင်းဒေသကြီးတွေက လွှတ်တော်ကိုယ်စားလှယ်တွေ ပါဝင်ပါတယ်။
တိုင်ကြားသူတွေက သာမန်ပါတီဝင်တွေ၊ အလုပ်အမှုဆောင်အဖွဲ့ဝင်တွေ၊ ပါတီဝင်မဟုတ်တဲ့ မဲဆန္ဒရှင်တွေ စတဲ့ အလွှာပေါင်းစုံက တိုင်ကြားတာဖြစ်တယ် လို့ ဒေါက်တာမျိုးညွန့် က ပြောပါတယ်။
လွှတ်တော်ကိုယ်စားလှယ်တွေ၊ အစိုးရအဖွဲ့တွေမှာ တာဝန်ထမ်းဆောင်ရသူတွေအနေနဲ့ လုပ်ပိုင်ခွင့်ကို သုံးပြီး အဂတိလိုက်စားတာ လာဘ်ငွေယူတာတွေ ရှိမယ်ဆိုရင် ဥပဒေကြောင်းအရ တရားစွဲဆို အရေးယူမှာဖြစ်ကြောင်း သတိပေးထားတယ်လို့လည်း ပြောပါတယ်။
ဗဟိုတိုင်ကြားရေးဌာနကို ပြီးခဲ့တဲ့ဖေဖော်ဝါရီလ ၂၈ ရက်နေ့က စတင်ဖွဲ့စည်းခဲ့တာဖြစ်ပြီး အန်အယ်လ်ဒီပါတီ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ပတ်သက်တဲ့ တိုင်ကြားစာတွေကို လက်ခံနေတာဖြစ်ပါတယ်။