NLD လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာပြည့်ဖြိုး ထောင် ၂၆ နှစ် ချမှတ်ခံရ
2022.11.30

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီရဲ့ ဧရာဝတီတိုင်း၊ မဲဆန္ဒနယ် အမှတ် (၇) က အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာပြည့်ဖြိုးကို ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၈ ရက်နေ့ က မြဝတီခရိုင် တရားရုံးက အလုပ်နဲ့ ထောင်ဒဏ် ၂၆ နှစ် ချမှတ်လိုက်တယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေက ပြောပါတယ်။
ဒေါက်တာပြည့်ဖြိုးဟာ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလအတွင်းက KNU ထိန်းချုပ်နယ်မြေဖြစ်တဲ့ ကရင်ပြည်နယ်၊ လေးကေ့ကော်မြို့သစ်မှာ ဖမ်းဆီးခံခဲ့ရတာလည်း ဖြစ်ပါတယ်။
သူ့ကို စစ်ကောင်စီက အကြမ်းဖက်တိုက်ဖျက်ရေး ပုဒ်မတွေဖြစ်တဲ့ ၅၀(က)၊ ၅၀(ည)၊ ၅၂(က)၊ နိုင်ငံတော် သစ္စာဖောက်ဖျက် ပုန်ကန်မှု ရာဇသတ်ကြီး ဥပဒေ ပုဒ်မ - ၁၂၂ တို့နဲ့ တရားစွဲဆိုထောင်ချခဲ့တာလို့ မြဝတီခရိုင် တရားရုံးနဲ့ နီးစပ်သူတစ်ဦးက RFA ကို ပြောပါတယ်။
“မြောင်းမြလွှတ်တော်ကိုယ်စားလှယ် ကိုဝေလင်းအောင်တို့နဲ့ အမှုတွဲတူပါတယ်။ ကိုဝေလင်းအောင်နဲ့အတူတူပဲ အဲဒီနေ့မှာ အမိန့် ချလိုက်တာပါ။ အယူခံဝင်မယ်၊ မဝင်ဘူးဆိုတာတော့ မသိရသေးဘူး”
ဒေါက်တာပြည့်ဖြိုးကို အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေပုဒ်မ - ၅၀(က) နဲ့ထောင်ဒဏ် ၁၁ နှစ်၊ ၅၀(ည)နဲ့ ထောင်ဒဏ် ၁၁ နှစ်၊ ၅၂(က)နဲ့ ထောင်ဒဏ် ၄ နှစ်၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ - ၁၂၂ နဲ့ ထောင်ဒဏ် အနှစ် ၂၀ ချမှတ်ပြီး ပြစ်မှုတွေကို တစ်ပေါင်းတည်း ကျခံဖို့အမိန့်ချခဲ့တာလို့ သူက ဆက်ပြောပါတယ်။
စစ်တပ်က အာဏာသိမ်းပြီးနောက် ထိုင်း-မြန်မာနယ်စပ်မြို့ဖြစ်တဲ့ မြဝတီမြို့နယ် လေးကေ့ကော်မြို့သစ်မှာ မြောင်းမြမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝေလင်းအောင်နဲ့ ဒေါက်တာပြည့်ဖြိုး အပါအဝင် နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ၂၀ ဦးကို စစ်ကောင်စီတပ်ဖွဲ့နဲ့ ရဲတွေက ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၁၅ ရက်နေ့မှာ ဝင်ရောက်ဖမ်းဆီးခဲ့ တာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၄ ရက်နေ့ကလည်း ဧရာဝတီတိုင်း NLD လွှတ်တော်ကိုယ်စားလှယ်တွေ ဖြစ်တဲ့ ဦးသိန်းထွန်း၊ ဦးသန်းထွဋ်နဲ့ ဦးအောင်အောင်ဦးတို့ကို ပုသိမ်ခရိုင်တရားရုံးက နိုင်ငံတော်ပုန်ကန်မှု ပုဒ်မ- ၁၂၂၊ နိုင်ငံတော် အကြည်ညိုပျက် စေမှု ပုဒ်မ ၁၂၄ (က) တို့နဲ့ ထောင်ဒဏ် အနှစ် ၂၀ စီ ချမှတ်ခဲ့ပါတယ်။
နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ နိုဝင်ဘာ ၂၉ ရက်နေ့အထိ ထုတ်ပြန်ချက်တွေအရ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် ဧရာဝတီ တိုင်းက လွှတ်တော်ကိုယ်စားလှယ် ၁၆ ဦး ဖမ်းဆီးခံထားရပြီး အဲဒီအထဲကမှ လွှတ်တော် ကိုယ်စားလှယ် ငါးဦးကတော့ နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်ခံထားရတယ်လို့ ဖော်ပြ ထားပါတယ်။