ပါတီဝင်သစ် လက်ခံဖို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပြင်ဆင်
2011.11.26

ပထမဦးဆုံး အသုတ်အဖြစ် ပါတီဝင် ၁ဝ သိန်း လျာထားတယ်လို့ NLD ဗဟိုအလုပ်အမှုဆောင် ဒေါ်မေဝင်းမြင့်က ပြောပါတယ် ။
“လောလောဆယ် ဒေါ်စုပြောတာကတော့ အရေးကြီးတဲ့ target က ကြားဖြတ်ရွေးကောက်ပွဲ ပေါ့နော်။ ရွေးကောက်ပွဲ အောင်နိုင်ရေးကာလ လုပ်နေတာနဲ့ တပြိုင်နက်တည်း ဒေါ်စုတို့ အန်ကယ်ဦးတင်ဦးတို့ရော အန်တီတို့ကအစ အဖွဲ့ဝင်သစ်အဖြစ် ပြန်လျှောက်မှာပေါ့။ လျှောက်ဖို့အတွက် အဖွဲ့ဝင်သစ် ပုံစံတွေ လုပ်နေတယ်။ ပထမဆုံး အသုတ်အနေနဲ့ ပုံစံ ၁ဝ သိန်း ရိုက်ထားပါတယ်”
ဒီလ ၂၃ ရက်နေ့ အစည်းအဝေးမှာ ရွေးကောက်ပွဲအောင်နိုင်ရေး အဖွဲ့တွေက ပါတီဝင်အသစ် စုဆောင်းရေးကိစ္စ ဆွေးနွေးခဲ့ကြောင်းနဲ့ ပါတီဝင် လျှောက်လွှာပုံစံအကြောင်း ရှမ်းပြည်နယ်အောင်နိုင်ရေး ကော်မီတီအဖွဲ့ဝင် ဒေါ်ခင်မိုးမိုးက ပြောပါတယ်။
“လိပ်စာ၊ အသက်၊ မှတ်ပုံတင်နံပါတ်၊ ပညာအရည်အချင်း၊ အဲဒီလောက်ပဲ ပါမှာပါ။ NLD မှာ ဘာတာဝန်တွေ ထမ်းဆောင်ခဲ့တယ် ဆိုတာမျိုး မပါပါဘူး။ လျှောက်လွှာရဖို့ ၂ ပတ်လောက်တော့ ကြာအုံးမယ်ထင်တယ်။ လျှောက်လွှာရရင် အောင်နိုင်ရေးအတွက် လုပ်ရင်း ပါတီဝင်အသစ်တွေလည်း စုစည်းမယ်။ နောက်ထပ် ဘယ်လိုလူပဲ ဖြစ်ဖြစ် NLD ပါတီကို စိတ်ဝင်စားတဲ့သူ၊ ပါဝင်ချင်တဲ့သူ အားလုံး အသစ်ရော အဟောင်းရော ပြန်ပြီး စုစည်းရမှာပါ။ ပါတီအသစ် ဆိုတဲ့အတိုင်း အသစ် ပြန်လည်ဖွဲ့စည်းမှာပါ”
NLD ပါတီရဲ့ ရွေးကောက်ပွဲဝင် ကိုယ်စားလှယ်လောင်းအဖြစ် ဒေသခံ၊ တိုင်းရင်းသား၊ အမျိုးသမီး၊ ပညာအရည် အချင်း စတာတွေကို ဦးစားပေး ရွေးချယ်သွားမှာဖြစ်ပြီး အခုအချိန်မှာ ရွေးကောက်ပွဲ အောင်နိုင်ရေး ကော်မရှင်တွေ ဖွဲ့စည်းဖို့ ပြင်ဆင်နေပြီလို့ သိရပါတယ်။
ဒီအတောအတွင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီ ပြန်လည် မှတ်ပုံတင်မယ်ဆိုတဲ့ သတင်းတွေ ကြားရပြီးနောက်ပိုင်း ပြည်သူလူထု အမြောက်အမြားက ကြိုဆိုလိုက်ကြပြီး ပါတီဝင် လျှောက်ထားလိုသူတွေ၊ ပါတီဝင်ဟောင်းတွေ၊ ပါတီနဲ့ ကင်းကွာနေသူ အမျိုးသား၊အမျိုးသမီးတွေဟာ မန္တလေးတိုင်း
NLD ရုံးကို တနေ့ ၁ဝ ဦး ၁၅ ဦးလောက် လာရောက်ဆက်သွယ် စုံစမ်းကြတယ်လို့ မန္တလေးတိုင်း-စည်း ဦးမျိုးနိုင်က ပြောပါတယ်။
“ကြာသပတေးနေ့က နေပြည်တော်ကို သွားပြီး ပါတီမှတ်ပုံတင်မယ် ဆိုပြီးတဲ့နောက်ပိုင်းက စပြီး အဖွဲ့ချုပ်အဖွဲ့ ဝင်ချင်တဲ့သူတွေက အဖွဲ့ချုပ် မန္တလေးတိုင်းရုံးကိုရော၊ ကျနော့်ဆီကိုပါ တော်တော်များများ လာ ဆက်သွယ်ပါတယ်။ လူဟောင်းတွေ ပါသလို နောက်ထပ် လူသစ်တွေလည်း လာ ဆက်သွယ်ပါတယ်။ လက်ရှိမှာတော့ အဖွဲ့ချုပ်အဖွဲ့ဝင် ပုံစံတွေ တိုင်းကို မရောက်လာသေးပါဘူး”
မန္တလေးတိုင်း NLD ရုံးကို ဆက်သွယ်လာသူတွေနဲ့ ပတ်သက်လို့လည်း အခုလို ပြောပါတယ်။
“အခု လာဆက်သွယ်တဲ့ လူတွေက အရင် ၈၈၊ ၈၉ လောက်က ပါတီ စ,ထူထောင်ပြီး ပါတီဝင် စုဆောင်းစဉ် ကာလကလိုပဲ၊ အရင်တုန်းက လူ ၁ဝ ဦး၊ ၂ဝ လုပ်ပေးရင် စည်းရုံးရေးမှူး စာရွက်ပေးသလိုပေါ့။ အခုလည်း သူတို့ကိုယ်နှိုက်ကလည်း ပါဝင်ချင်သလို သူတို့နဲ့ နီးစပ်ရာ အဖွဲ့ဝင်ချင်သူတွေကိုလည်း လိုက်ပြီး စည်းရုံးပေးမယ် ဆိုတဲ့ ဆန္ဒနဲ့ ဆက်သွယ်ကြတာပါ”
ပါတီဝင်ဟောင်းတွေ ပြန်လည် ဆက်သွယ်လာတယ် ဆိုရာမှာ ပါတီ စည်းကမ်းထိန်းသိမ်းရေးနဲ့ အရေးယူ ခံထားရသူတွေ၊ ပါတီက ထုတ်ပယ်ခံထားရသူတွေ၊ ခွဲထွက်သွားသူတွေ မဟုတ်ဘဲ လက်ရှိ နိုင်ငံရေး ရာသီဥတုကောင်းလာတဲ့အတွက် ပါတီမှာ တတပ်တအား ပါဝင်ကူညီ လုပ်ဆောင်မယ်လို့ ယူဆရသူတွေ ဖြစ်ကြောင်း NLD မန္တလေးတိုင်း-စည်း ဦးမျိုးနိုင်က ပြောပြသွားပါတယ်။