လွှတ်တော်ကိုယ်စားလှယ် ၈၀ ဦး အပါအဝင် NLD ပါတီဝင် ၁၂၃၂ ဦး ဖမ်းဆီးခံထားရ
2023.01.29

စစ်ကောင်စီက လွှတ်တော်ကိုယ်စားလှယ် ၈၀ ဦး အပါအဝင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီဝင် ၁၂၃၂ ဦး ဖမ်းဆီးထားရဆဲဖြစ်တယ်လို့ NLD ပါတီက ဇန်နဝါရီလ ၂၉ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။
NLD ပါတီ လူ့အခွင့်အရေးချိုးဖောက်မှုမှတ်တမ်းများ ကောက်ယူရေးအဖွဲ့ (NLD-HRDT) က ကောက်ယူထားတဲ့စာရင်းတွေအရ ဒီနှစ် ဇန်နဝါရီလ ၅ ရက်အထိ အကြောင်းမဲ့ သတ်ဖြတ်ခံရသူတွေထဲမှာ လွှတ်တော်ကိုယ်စားလှယ် နှစ်ဦးနဲ့ NLD ပါတီဝင် ၈၄ ဦး ပါဝင်ပါတယ်။
ဒီအပြင် နေအိမ်နဲ့ ပိုင်ဆိုင်မှုတွေ ချိပ်ပိတ်သိမ်းဆည်းခံရသူ ၆၀၅ ဦးအထိရှိခဲ့ပြီး အဲဒီထဲမှာ လွှတ်တော်ကိုယ်စားလှယ် ၂၀၆ ဦးရဲ့ ပိုင်ဆိုင်မှုတွေ ပါဝင်သလို NLD ပါတီဝင် ၃၇၁ ဦးရဲ့ ပိုင်ဆိုင်မှုတွေ ပါဝင်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
နှစ်နှစ်နီးပါးကာလအတွင်း NLD ပါတီရှုံးတွေ ကျူးကျော်ဝင်ရောက်ခံရတာ၊ ဖျက်ဆီးခံရတာနဲ့ ပါတီပိုင်ပစ္စည်းယူဆောင်ခံရတာ အကြိမ်ပေါင်း ၁၂၀ ရှိခဲ့တယ်လို့ ဆိုပါတယ်။
လက်ရှိ စစ်ကောင်စီက ကျင်းပဖို့စီစဉ်နေတဲ့ ရွေးကောက်ပွဲကို NLD ပါတီက ဆက်လက် ဆန့်ကျင်သွားမှာဖြစ်သလို စစ်ကောင်စီနဲ့ ပူးပေါင်းသူတွေကို နိုင်ငံတော်ပုန်ကန်မှုကို အားပေးကူညီသူတွေအဖြစ် သတ်မှတ်သွားမယ်လို့လည်း NLD ပါတီရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
NLD-HRDT ရဲ့ စာရင်းတွေအရ အာဏာသိမ်းပြီးနောက် ဒီနှစ် ဇန်နဝါရီလ ၅ ရက်အထိ စစ်ကောင်စီဟာ နေအိမ်ကို အကြမ်းဖက်၊ လုယက်၊ မီးရှို့၊ ဖျက်ဆီးခဲ့တာ ၉၁၃ ကြိမ်ရှိခဲ့ပြီး အဆောက်အအုံပေါင်း ၃၅,၉၆၉ လုံး ပျက်စီးဆုံးရှုံးခဲ့တယ်လို့ ဆိုပါတယ်။
အာဆီယံ အပါအဝင် နိုင်ငံတကာအသိုက်အဝန်းအနေနဲ့ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်နိုင်ရေးနဲ့ စစ်ကောင်စီကို နိုင်ငံတကာဥပဒေတွေနဲ့အညီ ထိထိရောက်ရောက် အရေးယူနိုင်ရေး ဆောင်ရွက်ဖို့လည်း NLD ပါတီက တိုက်တွန်းထားပါတယ်။