ကော့သောင်းမှာ NLD အဖွဲ့ဝင်တချို့ ဆန္ဒပြ
2012.08.20
မြို့နယ်က ၁၅ ဦး ခရိုင်က ၁၅ ဦးပါဝင်တဲ့ ခရိုင်နဲ့ မြို့နယ် ညီလာခံကျင်းပရေး ကော်မရှင်ကို ဇူလိုင်လ ၁၅ ရက်နေ့က ကော့သောင်မြို့ ဝေလရိပ် စားသောက်ဆိုင်မှာ ဖွဲစည်းခဲ့တာဟာ ဒီမိုကရေစီ နည်းလမ်းမကျလို့ ပြန်လည် ဖျက်သိမ်းပေးဖို့ တောင်းဆို ဆန္ဒပြတာပါလို့ မြို့နယ်ဥက္ကဋ္ဌဟောင်းလည်းဖြစ် မြို့နယ် လှုမှုအထောက်အကူပြု အဖွဲ့ဝင်လည်းဖြစ်တဲ့ ဦးမြင့်မောင်က ပြောပါတယ်။
“ပါတီကိုမဟုတ်ပါဘူးခင်ဗျ။ ပါတီတွင်းမှာ တချိန်တုန်းက နှုတ်အားဖြင့်သော်လည်းကောင်း၊ လူအားဖြင့်လည်းကောင်း မပါခဲ့တဲ့သူတွေက သူတို့သဘောနဲ့ သူတို့ မြို့နယ်ညီလာခံနဲ့ ခရိုင်ညီလာခံ လုပ်တဲ့နေရာမှာ ကျွန်တော်တို့ အဖွဲ့ဝင်အများစု မသိဘဲနဲ့ လူနည်းစု ကနေပြီးတော့ လုပ်လိုက်တဲ့အတွက်ကြောင့် ဒီမိုကရေစီနည်းမကျဘူး ဆိုပြီးတော့ အဲဒီဥစ္စာကို ဆန့်ကျင်ပြီးတော့ ကန့်ကွက်တာပါ”
ကော်မရှင်မှာပါတဲ့ ဦးမြင့်မောင်မောင်ကတော့ ခရိုင်နဲ့ မြို့နယ်ကို ရွေးချယ်တဲ့စနစ်နဲ့ ညွှန်ကြားတာ မဟုတ်ဘဲ အဖွဲချုပ်အပေါ် သစ္စာရှိရှိနဲ့ တာဝန်ယူနိုင်မယ့် အယောက် ၃၀ ကို ရွေးချယ်ပါလို့ ညွှန်ကြားလာတဲ့အတွက် တာဝန်ပေးတဲ့စနစ်နဲ့ ဗဟိုကို တင်ပေးခဲ့တာပါလို့ပြောပါတယ်။
“ဒါဟာဗဟိုက ချထားတဲ့ မူဖြစ်တယ်။ ကျွန်တော်တို့ရဲ့ အဆင့်တွေကတော့ ဒီမူကို အကောင်အထည်ဖော်ပေးရမယ့် တာဝန်ပဲရှိတယ်လေ။ မူကြီးကို ကျွန်တော်တို့က လိုက်ပြီးတော့ တင်သွင်းနိုင်တဲ့ အခွင့်အာဏာလည်း ကျွန်တော်တို့မှာ မရှိဘူး။ မရှိဘူးဆိုတော့ ကျွန်တော်တို့ မူနဲ့ ပတ်သက်ပြီးတော့ သူတို့ လက်မခံနိုင်ဘူး ဆိုရင်တော့ ဗဟိုနဲ့ ရှင်းယုံပေါ့နော်။ ဒီအပေါ်မှာ ကျွန်တော်တို့က ရှင်းပေးနိုင်တဲ့ လုပ်ပိုင်ခွင့်လည်း မရှိဘူးလေ”
ကော့သောင်မြို့နယ်အတွင်းမှာ NLD ပါတီဝင်အဖြစ် လျှောက်ထားသူပေါင်း (၅၀၀၀) ကျော် ရှိတယ်လို့လည်း သိရပါတယ်။