ကမ္ဘာ့ AIDS နေ့ အခမ်းအနား NLD ရုံးချုပ်မှာကျင်းပ
2013.12.01

အရပ်ဘက်လူမှုအဖွဲ့အစည်းတွေနဲ့ အစိုးရတို့ ပူးပေါင်းပြီး တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ခုခံအားကျဆင်းမှုရောဂါ ကူးစက်မှုနှုန်း၊ ဖြစ်ပွားမှုနှုန်း၊ သေဆုံးမှုနှုန်းထားတွေကို စာရင်းကောက်ယူပြီး ပိုမိုထိရောက်တဲ့ အကူအညီတွေပေး ဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က တောင်းဆိုလိုက် ပါတယ်။
ဒီနေ့ ဒီဇင်ဘာလ ၁ ရက်နေ့မှာ ကျရောက်တဲ့ ကမ္ဘာ့အေအိုင်ဒီအက်စ်နေ့ (World AIDS Day) နဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည်ရဲ့ လမ်းညွှန်ချက်နဲ့ ဖွဲ့စည်းထားတဲ့ ခုခံအား ကျဆင်းမှု ကူးစက်ရောဂါ ကာကွယ်ရေး နဲ့ ပြုစုစောင့်ရှောက်ရေးစင်တာ ၁၁ နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားကို ရန်ကုန်မြို့ ရွှေဂုံတိုင်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရုံးချုပ်မှာကျင်းပ ခဲ့ပြီး ကြေညာချက ်ထုတ်ပြန်လိုက်တာပါ။
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ခုခံအားကျဆင်းမှု ရောဂါတိုက်ဖျက်ရေးကို အမျိုးသားရေး အဆင့်အထိမြှင့်တင်ပြီး နိုင်ငံတော်အနေနဲ့ တိကျသေချာစွာ လုပ်ဆောင်ပေးမယ်လို့ သမ္မတကျမ်းသစ္စာကျိန်ဆိုပွဲမှာ ကတိပေးခဲ့ပေမယ့် အခုချိန်ထိ ကျန်းမာရေးဝန်ကြီးဌာနက စီမံချက်ချမှတ်ဆောင်ရွက်တာ မရှိကြောင်းလည်း ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။
ဒီနေ့ အခမ်းအနားကို NLD သဘာပတိအဖွဲ့ဝင်တွေ၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်တွေ၊ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေ၊ ခုခံအားကျဆင်းမှု ရောဂါခံစားနေရတဲ့ ဝေဒနာရှင်တွေနဲ့ အရပ်ဘက်လူမှုအဖွဲ့အစည်း ကိုယ်စားလှယ်တချို့ တက်ရောက်ခဲ့ပါတယ်။
ဒီအခမ်းအနားနဲ့ ပတ်သက်ပြီး RFA သတင်းထောက် မဇင်မာဝင်းရဲ့ သတင်းပေးပို့ချက်ကို နားဆင်နိုင်ပါတယ်။