ဒေါ်အောင်ဆန်းစုကြည်ရဲ့ တစ်နှစ်တာ သုံးသပ်ချက်
2017.03.31

မိန့်ခွန်းအစပိုင်းမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မိမိတို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရဟာ အနှစ် ၅ဝ ကျော် အမြစ်တွယ်ခဲ့တဲ့စနစ်တစ်ခုကို ပြောင်းလဲခဲ့ရကြောင်း၊ အစိုးရဟာ ပြည်သူအတွက်ဖြစ် ရမယ် ဆိုတဲ့အချက်ကို ထင်ရှားစေခဲ့ကြောင်း ပြောကြားပါတယ်။
“အခုနှစ်အတွင်းမှာ ပြည်သူတွေဟာ အစိုးရကို ကြောက်ဖို့ မလိုဘူးဆိုတာ အများကသိလာတယ်လို့ ကျွန်မထင်ပါတယ်။ ဒီဟာကို တိုးတက်မှုတစ်ခုလို့ပဲ ကျွန်မကတော့ ယူဆပါတယ်။ ပြည်သူကနေပြီးတော့ အစိုးရကိုကြောက်ဖို့ မဟုတ်ပါဘူး။ ကျွန်မတို့ ရည်ရွယ်တာကတော့ ပြည်သူက အစိုးရကို လေးစားဖို့၊ တန်ဖိုးထားဖု့ိ၊ ယုံကြည်ဖို့ပါပဲ”
ဒါ့အပြင် မိမိတို့အစိုးရဟာ အဂတိတရားလေးပါးကင်းကြောင်း၊ တပြိုင်နက်မှာ စီးပွားရေးနဲ့ နိုင်ငံရေး စိန်ခေါ်မှု များစွာကို ကြုံခဲ့ရပေမယ့် အမျိးသားရင်ကြားစေ့ရေးအတွက် အမှန်တရားကို လက်ကိုင်ထားခဲ့ကြောင်း သူကပြောပါတယ်။
“ဘယ်တော့မှ ကျွန်မတို့ဟာ အဖွဲ့အစည်းတစ်ခု၊ ပုဂ္ဂိုလ်တစ်ခုကို ကျွန်မတို့ရဲ့ ပုဂ္ဂိုလ်ရေး မလိုလားချက်ကို အခြေခံပြီးတော့ မလုပ်သင့်တဲ့ကိစ္စကို လုပ်မှာမဟုတ်ပါဘူး။ ဒီလို မလုပ်လို့ရှိရင်၊ ဒီလို လမ်းစဉ်ကို မသွားလို့ရှိရင် အမျိုးသား ရင်ကြားစေ့ရေးဆိုတာ ရနိုင်မှာ မဟုတ်ပါဘူး။ ဒီနိုင်ငံထဲမှာ အဖွဲ့အစည်းအမျိုးမျိုး ရှိပါတယ်။ တိုင်းရင်းသားမျိုးစုံရှိပါတယ်။ ဘာသာ ကိုးကွယ်တဲ့ ပုဂ္ဂိုလ်တွေ မျိုးစုံရှိပါတယ်။ ဒီတော့ ကျွန်မတို့ဟာ တစ်ကယ်ပဲ အမျိုးသားရင်ကြားစေ့ရေးကို လိုလားတယ် ဆိုလို့ရှိရင်တော့ အားလုံးကို ဆက်ဆံတဲ့နေရာမှာ မျှမျှတတရှိရမယ်”
မိမိတို့ပါတီဝင်နဲ့ အစိုးရအဖွဲ့ဝင်ထဲက တာဝန်မကျေပွန်သူတွေကို အရေးယူခဲ့ကြောင်းနဲ့ အခုရက်ပိုင်းအတွင်း ငြိမ်းချမ်းရေးအတွက် မျှော်လင့်ချက်တွေ အများကြီးတိုးပါွးလာကြောင်း၊ ဒါပေမဲ့ လက်ထဲမှာ ဆုပ်ကိုင်ထားလို့ မရသေးကြောင်း၊ ရခိုင်ပြည်နယ်အရေးအတွက် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ ဆုံးဖြတ်ချက်ကို မိမိတို့နိုင်ငံနဲ့ မကိုက်ညီတဲ့အတွက် လက်မခံခဲ့ကြောင်း ဒေါ်အောင်ဆန်းစုကြည် ကပြောဆိုပါတယ်။
တိုးတက်မှုတွေအဖြစ် ကျန်းမာရေးနဲ့ ပညာရေးအသုံးစရိတ်ကို အရင်အစိုးရတွေနဲ့ မတူပိုမိုသုံးစွဲခဲ့ကြောင်းနဲ့ ကျန်းမာရေးစောင့်ရှောက်မှု တိုးတက်နှုန်းမြင့်မားခဲ့ကြောင်း သူက ပြောပါတယ်။
“ဒီတစ်နှစ် အတွင်းမှာကို ကျွန်မတို့ရဲ့ ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှုဟာ တိုးတက်တဲ့နှုန်းဟာ အင်မတန်မှ မြန်ပါတယ်။ တိုးတက်တယ် ဆိုတာဟာ ကမ္ဘာကတောင်မှ အသိအမှတ်ပြုရလောက်အောင် တိုးတက်ပါတယ်။ ထင်ထင်ရှားရှား ကိစ္စတစ်ခုကတော့ တီဘီ၊ နောက်ပြီးတော့ ငှက်ဖျား၊ HIV AIDS နဲ့ ပတ်သက်တဲ့ ဒီရောဂါကြီး (၃) ခု တိုက်ဖျက်ရေး စီမံကိန်းပေါ့။ တစ်ကမ္ဘာလုံးကနေ ပါဝင်နေတဲ့ စီမံကိန်းကြီးမှာဆိုလို့ရှိရင် ကျွန်မတို့နိုင်ငံရဲ့ တိုးတက်မှုဟာ အံ့မခန်းပါပဲဆိုပြီးတော့ Global funds ဆိုတဲ့ ဒီရောဂါကြီး (၃)ခုကို တိုက်ဖျက်မှုအတွက် ထူထောင်ထားတဲ့ ကမ္ဘာ့ငွေရေးကြေးရေးအဖွဲ့ကနေပြီးတော့ ကျွန်မတို့ကို ချီးမွမ်းရပါတယ်”
ဆက်လက်ပြီး အခုနှစ်မှာ အလုပ်အကိုင် ဖန်တီးရေး၊ လမ်းပန်းဆက်သွယ်ရေးနဲ့ လျှပ်စစ်မီးရရှိရေး လုပ်ငန်းတွေကို ဦးစားပေးလုပ်ကိုင်မှာဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
ဒါ့အပြင် အရင်အစိုးရ ချမှတ်ထားတဲ့ စီမံကိန်းတွေကနေ ပိုလျှံငွေ အများကြီးထွက်လာခဲ့ကြောင်းလည်း ထည့်သွင်းပြောကြားပါတယ်။
“ဘီလီယံနဲ့ချီပြီးတော့ ပိုတာတွေလည်း ရှိပါတယ်။ အဲတော့ ကျွန်မတို့ ဒီနေရာမှာလည်း ကျေနပ်စရာ တစ်ခုပါပဲ။ ပြည်သူလူထုရဲ့ ဘဏ္ဍာငွေကို ကိုယ်ပိုင်ငွေလို ကျွန်မတို့ မသုံးပါဘူး။ ပြည်သူ့ငွေ ဟာ ပြည်သူ့ ငွေပဲ။ နိုင်ငံ့ငွေဟာ နိုင်ငံ့ငွေပဲ နိုင်ငံ့ဘဏ္ဍာပဲ။ နိုင်ငံရဲ့ အရင်းအမြစ်ပဲ ဆိုပြီးတော့ ကျွန်မတို့
သေသေချာချာကို တာဝန်ရှိစွာနဲ့ ကျွန်မတို့သုံးခဲ့ပါတယ်။ အဲဒီတော့ ကျွန်မတို့ ဒါဟာလည်း နိုင်ငံ့အပေါ်မှာ သစ္စာစောင့်တယ်ဆိုတဲ့အတိုင်းပါပဲ”
တဆက်တည်းမှာပဲ မိမိတို့ အစိုးရဟာ ပြည်သူကိုလေးစားကြောင်း သူက ပြောကြားခဲ့ပါတယ်။
“အစိုးရကောင်းများအားလုံးရဲ့ အခြေခံဟာ ပွင့်လင်းမြင့်သာမှုနဲ့ တာဝန်ယူမှုပဲ ဖြစ်ပါတယ်။ ဒီပွင့်လင်းမြင် သာမှုနဲ့ တာဝန်ယူမှုကို ကျွန်မတို့ လက်ကိုင်ပြီးတော့ ဒီတစ်နှစ်အတွင်းမှာ တတ်နိုင်သလောက် ပြည်သူ့ အကျိုးနဲ့ နိုင်ငံအကျိုးအတွက် ထမ်းဆောင်ခဲ့ပါတယ်။ ပြည်သူတွေအားလုံး တိုးတက်သင့်သလောက် တိုးတက်ချင်သလောက် မတိုးတက်သေးဘူးဆိုတာလည်း ကျွန်မတို့ သိပါတယ်”
ဒေါ်အောင်ဆန်းစုကြည်က ပါတီဆောင်ပုဒ်ကို ပြောင်းလဲချိန်တန်ပြီကနေ ပြည်သူနဲ့အတူလို့ ပြောင်းလဲခရီးဆက် မှာဖြစ်ကြောင်း ပြောကြားပြီး မြန်မာပြည်သူတွေကို အခုလို ကတိပေးခဲ့ပါတယ်။
“နိုင်ငံရေးလောကကို ဝင်လာကတည်းကအတိုင်း ကျွန်မ တစ်ခုတည်းသော ကတိတစ်ခုကိုပြုမယ်။ ကျွန်မ အကောင်းဆုံးလုပ်မယ်။ ကျွန်မ အကောင်းဆုံးထက်တော့ ပိုပြီးတော့ လုပ်လို့မရဘူး။ ကျွန်မအကောင်းဆုံး က နိုင်ငံအတွက် ပြည်သူအတွက် မလုံလောက်ဘူးဆိုရင် ပိုပြီးလုံလုံလောက်လောက် ပြည့်ပြည့်စုံစုံ လုပ်ပေးမယ့်ပုဂ္ဂိုလ်၊ အဖွဲ့အစည်းတစ်ခုက တာဝန်ယူမယ်ဆိုလို့ရှိရင် ကျွန်မတို့ဟာ နောက်ဆုတ်ပေးဖို့ အဆင်သင့်ပါပဲ”
ဆက်လက်ပြီး ဒီမိုကရေစီအစိုးရဆိုတာ နိုင်ငံတစ်ခုကို အစဉ်အမြဲအုပ်ချုပ်ဖို့ မဟုတ်ကြောင်း၊ ပြည်သူကြည်ဖြူမှ ခိုင်မှာမှာဖြစ်ကြောင်း ပြောကြားရင်း ပြည်သူတွေအနေနဲ့ မိမိတို့ အစိုးရကို သေသေချာချာ လေ့လာဖို့နဲ့ ဝေဖန် သင့်တာတွေကို ဝေဖန်ရင်း ကူညီသင့်တာတွေကိုလည်း ကူညီဆောင်ရွက်ကြပါလို့ ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းသွားပါတယ်။