အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပညာရေး ရန်ပုံငွေ ဈေးရောင်းပွဲတော်ကျင်းပ
2012.12.27

Photo:RFA/Kyaw Zawe Win
မြန်မာနိုင်ငံရဲ့ ပညာရေးမြင့်တက်လာဖို့အတွက် ရည်ရွယ်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပညာရေးကွန်ရက်ကို ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။
သဘာဝသယံဇာတပေါများပြီး ဆင်းရဲနိမ့်ပါးနေတဲ့ မြန်မာနိုင်ငံကို ဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံအဖြစ် ပြုပြင်ပြောင်းလဲနိုင်ဖို့ ပညာရေးဟာ အဓိကကျတယ်လို့ အဖွင့်မိန့်ခွန်းမှာ ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့ပါတယ်။ ဒီကနေ့ ပညာရေးကွန်ရက်ရဲ့ ၂နှစ်ပြည့်အထိမ်းအမှတ် ရန်ပုံငွေရှာဖွေပွဲမှာ နိုင်ငံတော်သမ္မတကိုယ်စား သမ္မတရုံးဝန်ကြီး ဦးအောင်မင်းကလည်း တက်ရောက်မိန့်ခွန်း ပြောကြားခဲ့ပါတယ်။
မြန်မာနိုင်ငံရဲ့ ပညာရေးမြင့်မားဖို့အတွက် ရည်ရွယ်ဖွဲ့စည်းထားခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပညာရေးကွန်ရက်ရဲ့ (၂)နှစ်ပြည့်အထိမ်းအမှတ် ရန်ပုံငွေရှာဖွေတဲ့ ဈေးရောင်းပွဲတော်နဲ့ ဂီတပွဲတော်ဟာ မြန်မာနိုင်ငံအနှံ့အပြားမှာဖွင့်လှစ်ထားတဲ့ အခမဲ့ပညာဒါနကျောင်းတွေအတွက် ရည်ရွယ်ကျင်းပတာဖြစ်ပြီး ပွဲတော်ကို ဒီကနေ့ ဒီဇင်ဘာလ ၂၇ရက် နဲ့ မနက်ဖြန် ၂၈ရက်နေ့ ထိ (၂)ရက်တိုင် ကျင်းပမှာဖြစ်ပါတယ်။
ဒီကနေ့ဖွင့်ပွဲအခမ်းအနားကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က နာယကဦးတင်ဦး၊ ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်း အစရှိတဲ့ပုဂ္ဂိုလ်တွေအပြင် သမ္မတရုံးဝန်ကြီး ဦးအောင်မင်း၊ ရန်ကုန်မြို့တော်ဝန် ဦးလှမြင့်၊ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ အလှူရှင်တွေ တက်ရောက်ခဲ့ကြပါတယ်။
ပညာရေးကွန်ရက်ကို ပေးအပ်လှူဒါန်းမယ့် အလှူရှင်တွေရဲ့ လှူဒါန်းမှုတွေကိုလည်း ဒေါ်အောင်ဆန်းစုကြည်က လက်ခံပေးခဲ့ပြီး ဒီကနေ့ ဖွင့်ပွဲအခမ်းအနားမှာပဲ ပေးအပ်တဲ့ အလှူငွေသား ကျပ်စုစုပေါင်း သိန်း ၇၀၀ ကျော် ရရှိခဲ့ပါတယ်။