ဥပဒေ စိုးမိုးရေးအတွက် ရွေးကောက်ပွဲ ဝင်မယ်လို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ကြေညာ
2012.02.16

RFA
တရားဥပဒေ စိုးမိုးမှသာ ဥပဒေရဲ့ အကာအကွယ်ကို အမှန်တကယ်ရနိုင်ပြီး လွတ်လပ်မှုအရသာကို ပြည်သူတွေ အမှန်တကယ် ခံစားနိုင်မှာဖြစ်တယ်လို့ အန်အယ်လ်ဒီအနေနဲ့ လက်ခံယုံကြည်ကြောင်း ပါတီရဲ့ အတွင်းရေးမှူးအဖွဲ့ဝင် ဦးအုံးကြိုင်က ပြောပါတယ်။
ဒါအပြင် ပြည်တွင်းစစ် အမြန်ဆုံးရပ်ဆိုင်းပြီး ငြိမ်းချမ်းအောင်လုပ်နိုင်မှသာ တိုင်းပြည်ကို ဖွံဖြိုးတိုးတက်အောင် တည်ဆောက်နိုင်မယ်လို့ အန်အယ်လ်ဒီက ယုံကြည်ကြောင်း၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင်ရေးအတွက် လွှတ်တော်တွင်း ညှိနှိုင်းအဖြေရှာပြီး ပြင်ဆင်နိုင်ဖို့ အန်အယ်လ်ဒီ အနေနဲ့ ကြိုးစားဆောင်ရွက်သွားမှာဖြစ်ကြောင်းလည်း ဦးအုံးကြိုင်ကပြောပါတယ်။
လွှတ်တော်ပြင်ပသာမက လွှတ်တော်တွင်း ဒီမိုကရေစီ တည်ဆောက်ရေး လုပ်ငန်းတွေ တိုးမြှင့်လုပ်ဆောင်သွားနိုင်ဖို့ အန်အယ်လ်ဒီအနေနဲ့ တရားဝင် နိုင်ငံရေးပါတီအဖြစ် ပြန်လည်မှတ်ပုံတင်ပြီး အခု ကြားဖြတ်ရွေးကောက်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်ရတာဖြစ်တယ်လို့ ဒီကနေ့ရရှိတဲ့ ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။