လူ့အခွင့်အရေးချိုးဖောက်ကြောင်း အထောက်အထားပြနိုင်ရင် NLD အစိုးရက အရေးယူဖို့ အသင့်ရှိ
2018.08.31

ရခိုင်ပြည်နယ် မြောက်ပိုင်းက ထွက်ပြေးသွားခဲ့တဲ့ မွတ်စလင်ဘာသာဝင် ဒုက္ခသည်တွေကို တပ်မတော်က လူ့အခွင့်အရေး ချိုးဖောက်တာရှိခဲ့ရင် ဥပဒေနဲ့ ညီညွတ်တဲ့ အထောက်အထား ခိုင်ခိုင်လုံလုံနဲ့ တိုင်ကြားပါက NLD ဦးဆောင်တဲ့ အစိုးရက အရေးယူဖို့ အဆင်သင့်ရှိတယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအောင်နိုင်ရေးအဖွဲ့ ဥက္ကဋ္ဌ ဒေါက်တာမျိုးညွန့်က ပြောလိုက်ပါတယ်။
ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ ရွာပေါင်း ၃၀၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့တာဟာ တပ်မတော်ကလုပ်တယ်ဆိုတဲ့ နိုင်ငံတကာက ပြောဆိုနေတာတွေနဲ့ လက်ရှိရရှိထားတဲ့ သတင်းအချက်အလက်တွေဟာ မှန်းဆချက်သာဖြစ်ကြောင်း ဒေါက်တာမျိုးညွန့်က ပြောပါတယ်။
"တရားရုံးတွေကနေပြီးတော့ ကျနော်တို့ ဒီလက်ခံနိုင်တဲ့ အထောက်အထား ဖြစ်ရမှာပါ၊ အထောက်အထားဟာ ခိုင်လုံရမယ်၊ ဒီအထောက်အထား တစ်ခုနဲ့ တစ်ခုမှာ အဆက်အစပ်ရှိရမယ်၊ ဒီကောက်ချက်ရမှ ကျနော်တို့ ဒီဟာကို ထည့်စဉ်းစားမှာပါခင်ဗျ၊ ဒီစိတ်မချရတဲ့ သက်သေတွေ အထောက်အထားတွေဆိုရင် စတည်းကိုက သူက ပျက်ပြယ်ပါတယ်ခင်ဗျ၊ နောက်အထောက်အား သေချာတာတောင်မှ တစ်ခုနဲ့ တစ်ခု ကွင်းဆက်ပြတ်လို့ မရဘူး၊ ဒီလိုကွင်းဆက်မပြတ်တဲ့ အထောက်အထားတွေရှိမှ နောက်ဆုံး ကျနော်တို့ ကောက်ချက်ကိုချမှာ တရားရုံးကလည်း ဒီလိုဟာမျိုးကိုပဲ လက်ခံပါတယ်၊ ဥပမာဆိုပါတော့ လူ ၆ သိန်း ၇ သိန်း ဒီလောက်တောင် ထွက်သွားတာ လူ့အခွင့်အရေး ချိုးဖောက်မှုရှိလို့သာပေါ့၊ ရွာပေါင်း ၃၀၀ ကျော်ကို စနစ်ကျမီးရှို့ဖျက်ဆီးခံခဲ့ ရတာဟာ တပ်မတော်က လုပ်တာပဲ မှန်းဆချက်မျိုးတော့ ကျနော်တို့ လက်မခံပါဘူး"
မြန်မာနိုင်ငံကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးသွားတဲ့ ဒုက္ခသည် ၇ သိန်းလောက်မှာ လက်ရှိအချိန်အထိ တစ်ယောက်မှ ပြန်မလာချင်တာကိုလည်း သံသယဖြစ်မိကြောင်း၊ မြန်မာနိုင်ငံအနေနဲ့ ထွက်ပြေးသွားသူတွေကို ပြန်လည်လက်ခံဖို့ ငြင်းဆိုနေတာမဟုတ်ဘဲ အလိုအလျောက်နိုင်ငံသားဖြစ်ခွင့် ပေးရေးဟာ နိုင်ငံရဲ့အချုပ် အခြာအာဏာကိုထိခိုက်တဲ့အတွက် ငြင်းဆိုတာ ဖြစ်ကြောင်း ဒေါက်တာမျိုးညွန့်က ပြောပါတယ်။
လက်ရှိအချိန်မှာ ရခိုင်ပြည်နယ်က ရိုဟင်ဂျာတွေအပေါ် မြန်မာ့တပ်မတော်အနေနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ကျူးလွန်တယ်လို့ စွပ်စွဲချက်တွေနဲ့ ဥရောပသမဂ္ဂ EU နဲ့ အမေရိကန်ပြည်ထောင်စုက တပ်မတော် အရာရှိကြီး တချို့ကို ဒဏ်ခတ်ပိတ်ဆို့ အရေးယူမှုတွေ ပြုလုပ်ထားသလို ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှုးချုပ်ကလည်း တပ်မတေ်ာကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တာဝန်ရှိသူတွေကို ပြင်းထန်တဲ့ အရေးယူမူတွေ ပြုလုပ်ဖို့ နိုင်ငံတကာကို တောင်းဆိုထားပါတယ်။
ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီက အသိအမှတ်ပြုထားတဲ့ မြန်မာ့နိုင်ငံရေးနဲ့ ပတ်သက်ပြီး အချက်အလက် ရှာဖွေရေး အဖွဲ့တစ်ခုဖြစ်တဲ့ Fact-Finding Mission က တပ်မတော်ရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို တွေ့ရှိထားကြောင်းလည်း ဖော်ပြထားပါတယ်။