ငြိမ်းချမ်းရေးရန်ပုံငွေအဖြစ် NLD ပါတီက ငွေကျပ်သိန်း နှစ်ထောင် လှူဒါန်းမည်
2017.01.07

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဥက္ကဌအဖြစ် တာဝန်ယူထားတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ရန်ပုံငွေဆိုင်ရာပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ထံ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကျပ်သိန်း နှစ်ထောင် လှူဒါန်းဖို့ ဒီနေ့ နေပြည်တော်မှာ ကျင်းပတဲ့ ပါတီဗဟိုအလုပ်အမှုဆောင် အစည်းအဝေးကနေ ဆုံးဖြတ်လိုက်ပါတယ်။
လွှတ်တော်အသီးသီးမှာရှိတဲ့ အန်အယ်လ်ဒီပါတီ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ လစာငွေထဲက ၂၅ ရာခိုင်နှုန်းကို လစဉ် ပါတီအတွက် စုဆောင်းထားရာ အဲဒီငွေတွေကို ငြိမ်းချမ်းရေးကော်မရှင်ထံ လှူဒါန်းမှာဖြစ်တယ်လို့ ပါတီရဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဝင်းထိန် က ပြောပါတယ်။
"ဒေါ်အောင်ဆန်းစုကြည် တည်ထောင်တဲ့ ငြိမ်းချမ်းရေးရန်ပုံငွေကို ကျနော်တို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ရဲ့ လွှတ်တော်ကိုယ်စားလှယ်တွေဆီက လစဉ်ဖြတ်တယ်လေ၊ သိန်း နှစ်ထောင် ပတ်ဝန်းကျင် ရှိတယ်၊ အဲဒီ သိန်း နှစ်ထောင်ကို ကျနော်တို့ကလှူမယ်"
ပြီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲမှာ အန်အယ်လ်ဒီပါတီက ပြည်သူ့လွှတ်တော်နဲ့ အမျိုးသား လွှတ်တော်မှာ ကိုယ်စားလှယ် ၃၉၀ ဦးနဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော်မှာ ကိုယ်စားလှယ် ၄၇၀ ကျော် အနိုင်ရရှိထားတာဖြစ်ပါတယ်။
တစ်လချီးမြှင့်ငွေ ကျပ် ၁၀ သိန်းစီရရှိတဲ့ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားကိုယ်စားလှယ်တွေထံက တစ်လ ကို ငွေကျပ် ၂ သိန်းခွဲနဲ့ လစာ ငါးသိန်းရရှိတဲ့ ပြည်နယ်နဲ့ တိုင်းကိုယ်စားလှယ်တွေထံက တစ်သိန်းစီကို ပါတီရန်ပုံငွေအဖြစ် လစဉ်ဖြတ်တောက်တာဖြစ်ပါတယ်။
ဒီကနေ့ ကျင်းပတဲ့ ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးမှာ ကြားဖြတ်ရွေးကောက်ပွဲအောင်နိုင်ရေး၊ စစ်ဆေးခံနေ ရတဲ့ မွန်ပြည်နယ် ဝန်ကြီးချုပ်နဲ့ တနင်္သာရီတိုင်းလွှတ်တော် ဥက္ကဌ၊ ဒုဥက္ကဌကိစ္စတွေကို ဆွေးနွေးခဲ့တယ်လို့ ဦးဝင်းထိန် က ပြောပါတယ်။
မွန်ပြည်နယ်ဝန်ကြီးချုပ်နဲ့ ပတ်သက်ပြီး ပါတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ဆုံးဖြတ်မှာဖြစ်ပြီး တနင်္သာရီတိုင်း လွှတ်တော် ဥက္ကဌနဲ့ ဒုဥက္ကဌကိစ္စကို ပြည်သူ့လွှတ်တော် ဥက္ကဌက ကွင်းဆင်းစစ်ဆေးနေတယ်လို့လည်း ပြော ပါတယ်။
အစည်းအဝေးကို ယာဉ်မတော်တဆဖြစ်ထားတဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် မန်းဂျော်နီကလွဲပြီး ဦးဝင်းထိန်၊ ဦးဝင်းမြင့်၊ ဒေါက်တာဇော်မြင့်မောင်၊ ဒေါ်နန်းခင်ထွေးမြင့် အပါအဝင် ကျန်တဲ့ အဖွဲ့ဝင် ၁၄ ဦး တက်ရောက်ခဲ့ ပါတယ်။