အခြေခံဥပဒေ ပြုပြင်ရေးကိစ္စ အစိုးရတုန့်ပြန်ချက် NLD ဝေဖန်
2013.12.02

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြုပြင်ရေးနဲ့ ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌရဲ့ မေတ္တာရပ်ခံစာ အပေါ် အစိုးရအုပ်ချုပ်ရေးဘက်က တုန့်ပြန်ပြောကြား ချက်ဟာ ဒီမိုကရေစီအရေးနဲ့ ပြုပြင်ပြောင်းလဲရေးကို မလိုလားသလိုဖြစ်နေတယ်လို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့က ဒီနေ့ကြေညာ ချက် ထုတ်ပြန်လိုက်ပါတယ်။
ဒီနေ့ ကြေညာချက် ထုတ်ပြန်လိုက်တာနဲ့ ပတ်သက်ပြီး အန်အယ်လ်ဒီပါတီရဲ့သဘောထားကို ဗဟိုအလုပ် အမှုဆောင်အဖွဲ့ဝင် ဦးဉာဏ်ဝင်း က အခုလိုပြောပါတယ်။
“သူတို့တုန့်ပြန်တဲ့အထဲမှာ ပြည်ထောင်စုလွှတ်တော် ကို ကျော်ရာရောက်မယ်၊ ဘာမှရောက်စရာ မလိုဘူး၊ အဆိုပြုတဲ့အတိုင်း လုပ်မယ်ဆိုရင်လည်း လွှတ်တော်ဥက္ကဌပါလာမှာပဲ၊ အလျှင်အမြန် လုပ်နိုင်ရင် တိုင်းပြည်အေးချမ်းမှာ၊ ဒီလိုလုပ်နိုင်ဖို့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးဟာ လိုအပ်တယ်၊ ပြင်ဆင်ရာမှာ ထိထိရောက်ရောက်ဖြစ်ဖို့ တွေ့ဆုံဆွေးနွေးပွဲဟာ လိုအပ်တယ်လို့၊ ငြင်းနေ ရင်တော့ ပြုပြင်ပြောင်းလဲရေးရော၊ ငြိမ်းချမ်းရေးရော မလိုချင်လို့ပဲလားလို့ စဉ်းစားစရာဖြစ်လာတော့၊ ၈၈ တုန်းကလည်း အမျိုးသားရင်ကြားစေ့ရေးအတွက် NLD တစ်ခုတည်းတော့ မရဘူး၊ ငြင်းပုံခြင်းက ပုံစံ ကတော့ တူနေတယ်”
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်နိုင်ဖို့အတွက် ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံတော်သမ္မတ၊ ပြည်ထောင်စု လွှတ်တော် နာယက၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်တို့နဲ့ တွေ့ဆုံဆွေးနွေးလိုကြောင်း ပြီးခဲ့တဲ့ နိုဝင်ဘာလ၂၃ ရက်နေ့က မေတ္တာရပ်ခံစာပေးပို့ခဲ့တာပါ။
အဲဒီအပေါ် နိုင်ငံတော်သမ္မတ ပြောရေးဆိုခွင့်ရှိသူ ဒုတိယဝန်ကြီး ဦးရဲထွဋ်က ၂၀၀၈ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင် ဆင်ရေးအတွက် ဆွေးနွေးမယ်ဆိုရင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်လိုပဲ တရားဝင်ဖွဲ့စည်းထားတဲ့ နိုင်ငံရေးပါတီ ၅၈ ခုရဲ့ သဘောထားအကြံပြုချက်တွေကို လိုအပ်တဲ့အပြင် ပြည်ထောင်စုလွှတ်တော်ရဲ့ အခွင့်အာဏာကိုလည်း လေးစားဖို့ လိုတဲ့အတွက် ၂၀၀၈ ခုနှစ် အခြေခံဥပဒေ လေ့လာသုံးသပ်ရေးကော်မတီရဲ့ အစီရင်ခံစာထွက်ပြီးချိန်မှ ညှိနှိုင်းမယ့် အစီအစဉ်တွေကို ဆက်ပြီးဆောင်ရွက်သင့်တယ်လို့ သူ့ရဲ့ဖေ့စ်ဘုတ် လူမှုရေးစာမျက်နှာ မှာ ဖော်ပြထားပါတယ်။
ဒီနေ့ထုတ်ပြန်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ကြေညာချက်ထဲမှာ အစိုးရရဲ့ပြောကြားချက်ဟာ အချိန်ရွှေ့ဆိုင်းရန်ရည်ရွယ်ပြီး ပြောကြားချက်ဖြစ်တဲ့အတွက် အန်အယ်လ်ဒီပါတီအနေနဲ့ လက်မခံနိုင်ကြောင်း၊ ပြုပြင်ပြောင်းလဲရေးကို နှောင့်နှေးစေနိုင်ကြောင်းလည်း ပြောထားပါတယ်။