NLD ညီလာခံ ကိုယ်စားလှယ်တစ်ထောင်ကျော် တက်ဖု့ိရှိ
2012.07.24
"တိုင်းနဲ့ ပြည်နယ် တစ်ဝက်လောက်က မြို့နယ်အဆင့်အထိ ရောက်သွားပြီ။ ရပ်ကွက်ကျေးရွာတော့ မဆက်နိုင်သေးဘူး။ ကျွန်တော်တို့ ရက်ကို သတ်မှတ်တာကို အမြန်ဆုံးဖြစ်အောင် တိုက်တိုက်တွန်းတွန်းနဲ့ လုပ်နေကြပါတယ်။ ကျွန်တော်တို့က ဒီနှစ်ထဲမှာ ညီလာခံတွေ အကုန်လုံး ပြီးစေချင်တယ်လေ။ အဓိကက မြို့နယ်ညီလာခံက ပိုပြီးတော့ အဓိက ကျတယ်"
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုအဆင့် ညီလာခံကို နိုဝင်ဘာလလောက်မှာ ကျင်းပနိုင်လိမ့်မယ်လို့ မျှော်လင့်ရပြီး ပါတီညီလာခံ ကိုယ်စားလှယ် တစ်ထောင်ကနေ တစ်ထောင့်နှစ်ရာလောက် ရှိမယ်လို့ ခန့်မှန်းရကြောင်းလည်း ဦးဉာဏ်ဝင်းက ပြောပါတယ်။
ညီလာခံကျင်းပရေး ကော်မရှင်တွေကို ဖွဲ့စည်းရာမှာ ဒီမိုကရေစီနည်း အပြည့်အဝဖြင့် ဗဟိုကနေ အောက်ခြေကို ဦးတည်ဖွဲ့စည်းလာတာ ဖြစ်ကြောင်း ဇီးကုန်းမြို့နယ် ညီလာခံ ကျင်းပရေးကော်မရှင် ဥက္ကဋ္ဌ ဦးအောင်မြတ်သူက ပြောပြပါတယ်။
"မြို့နယ်ကော်မရှင်ဖြစ်တဲ့အတွက် မြို့နယ်ကနေ ကြီးကြပ်ပြီးတော့ ရပ်ကျေးအထိ ဆင်းမယ်ပေါ့နော်။ ရပ်ကျေးတွေကို ကျွန်တော်တို့ လိုက်ဖွဲ့ပေးရမှာ။ တစ်နိုင်ငံလုံး အနေနဲ့ လုပ်တဲ့ပွဲက ဗဟိုကောင်မရှင် ရှိပါတယ်။ ဗဟိုကောင်မရှင်ကို ဖွဲ့တယ်။ တိုင်းဒေသ ကျင်းပရေး ကော်မရှင်ကို ဖွဲ့တယ်။ နောက်ခရိုင် ညီလာခံ ကျင်းပရေးကော်မရှင်ကို ဖွဲ့တယ်။ ခရိုင်ဖွဲ့ပြီးတဲ့ အခါကျတော့ မြို့နယ်ညီလာခံ ကျင်းပရေး ကော်မရှင်ကို ဖွဲ့ပါတယ်။ အဲတာ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ပါ"
ပါတီညီလာခံတွေ၊ ကိုယ်စားလှယ်တွေ ရွေးချယ်ရာမှာတော့ ကျေးရွာအဆင့် ညီလာခံကို ဦးစွာကျင်းပပြီး အောက်ခြေကနေ အထက်ကို အဆင့်ဆင့် ရွေးချယ်တင်မြှောက် သွားမယ်လို့ သိရပါတယ်။