NLD ဦးဆောင် ကော်မတီ များ ပြင်ဆင်ဖွဲ့စည်း
2014.04.03

NLD အမျိူးသားဒီမိုကရေစီအဖွဲ့ချုပ်( ဗဟို) ကို ပါတီရဲ့ ဥက္ကဋ္ဌကိုယ်တိုင် တာဝန်ယူတဲ့ ရေးရာ ကော်မတီလေးခုနဲ့ အတူ တခြား ဌာနရှစ်ခုအပါအဝင် ပါတီစည်းကမ်း ထိန်းသိမ်းရေးအဖွဲ့၊ အုပ်ချုပ်ရေးအဖွဲ့၊ ရုံးအဖွဲ့တို့အပြင် လွတ်လပ်သော ပါတီစာရင်းစစ်အဖွဲ့ စတာတွေနဲ့ အသစ် ပြင်ဆင်ဖွဲ့စည်းလိုက်ပါတယ်။
ဒါဟာ ပါတီရဲ့ ရှေ့လုပ်ငန်းစဉ်တွေကို ပိုမိုစံနစ်တကျ လုပ်ဆောင်ဖို့အတွက် ဖွဲ့စည်းပုံအသစ်နဲ့ ပြန်လည်ဖွဲ့စည်း လိုက်တာဖြစ်တယ်လို့ သတင်းနဲ့ ပြန်ကြားရေးဌာန တာဝန်ခံ ဦးဉာဏ်ဝင်းက RFA ကိုပြောပါတယ်၊
"လုပ်ငန်းတွေက အကုန်လုံးရောပြီး လုပ်ရ တာပေါ့နော် အင်အားလည်းမမျှဘူး ဒါကြောင့် အင်အားလည်းတိုးရမယ် အလုပ်တွေလည်း သူ့ကဏ္ဍနဲ့သူ specialize လုပ်တာပေါ့နော် လုပ်ငန်းခွင်မှာ အကုန်လုံး သီးခြားသီးခြားစီ ခွဲထားရမယ် သီးခြားသီးခြားစီ တာဝန်ယူရမယ် အဲ့ဒီပုံစံ အခြေခံပြီးတော့ ဒီဖွဲ့စည်းပုံ အသစ်ကိုဆွဲတာပါ ကော်မတီတွေတင်မကပါဘူး ကျွန်တော်တို့ စည်းကမ်းထိန်းသိမ်းရေး ကဏ္ဍတွေရှိတယ် နောက် တောင်သူလယ်သမား နိုင်ငံရေးအရ လိုအပ်တဲ့ဟာတွေ အကုန်လုံးကို လုပ်ငန်းအရ လိုအပ်တာတွေအကုန်လုံးကို ကော်မတီ အတွက်လည်း တာဝန်တွေ ခွဲဝေပေးမယ် နောက်တာဝန်ခံရှိမယ် ရေးရာတာဝန်ခံရှိမယ် ရိုးရိုးတာဝန်ခံရှိမယ် အသီးသီးပေါ့"
အခု ဖွဲ့စည်းပုံသစ်အရ လွှတ်တော်ရေးရာ ကော်မတီ၊ တိုင်းရင်းသားရေးရာ ကော်မတီ ၊ နိုင်ငံခြားရေးရာ ကော်မတီ၊ လူငယ်ရေးရာ ကော်မတီ ( ၄) ခုကို အဖွဲ့ချုပ် ဥက္ကဌ ကိုယ်တိုင်ကိုင်တွယ်သွားမှာ ဖြစ်တယ်လို့လည်းပြောပါတယ်။
ဒါ့အပြင် စည်းရုံးရေးဌာန၊ သတင်းနဲ့ ပြန်ကြားရေးဌာန၊ ပညာရေးနဲ့ ကျန်းမာရေးဌာန၊ ဘဏ္ဍာရေးဌာန၊ ဥပဒေရေး ရာဌာန၊ သုတေသနဌာန၊ ပြည်သူရေးရာ ဌာနတွေအတွက်လည်း တာဝန်ခံဌာနမှုးတွေ ခန့်အပ်ထားပြီး၊ ကြားဖြတ်ရွေးကောက်ပွဲမှာ လစ်လပ်မဲဆန္ဒနယ်တွေအတွက် ဝင်ပြိုင်ဖို့ ကိုယ်စားလှယ်လောင်း ရွေးချယ်ရေး လုပ်ငန်းစဉ်တွေ စတင်ဆောင်ရွက်နေပြီလို့လည်းပြောပါတယ်၊ NLD ပါတီဟာ ၁၉၉၀ ရွေးကောက်ပွဲမှာ မဲအများဆုံး အနိုင်ရရှိခဲ့သလို ၂၀၁၂ ဧပြီလ ကြားဖြတ်ရွေးကောက် ပွဲမှာလည်း မဲဆန္ဒနယ် ၄၄ နေရာမှာ ၄၃ နေရာ အနိုင်ရရှိခဲ့ပါတယ်။
NLD သတင်းနဲ့ ပြန်ကြားရေးဌာန တာဝန်ခံ ဦးဉာဏ်ဝင်းကို RFA အဖွဲ့သူ မသင်းသီရိ ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။