မြန်မာ့အရေး အမေရိကန်နဲ့ ပူးပေါင်း ဆောင်ရွက်ဖို့ နည်းလမ်း NLD ဆွေးနွေးမည်
2011.11.27

မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီစနစ် အသွင်ကူးပြောင်းရေးမှာ အမေရိကန်ပြည်ထောင်စု အနေနဲ့ ပူးပေါင်း ဆောင်ရွက်နိုင်မယ့် နည်းလမ်းတွေကို ဆွေးနွေးဖြစ်မယ်လို့ ဦးဉာဏ်ဝင်းက ပြောပါတယ်။
“ကျနော်တို့ NLD နဲ့ ဆွေးနွေးတဲ့နေရာမှာတော့ မြန်မာနိုင်ငံနဲ့ အမေရိကန်တို့ရဲ့ ဆက်ဆံရေး တိုးတက်လာတာနဲ့အညီ မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်ဖို့၊ နိုင်ငံရေးအရ ပူးပေါင်း ဆောင်ရွက်ဖို့၊ ဒါတွေ ပါမှာပေါ့”
အခုလာမယ့် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးအဆင့် မြန်မာနိုင်ငံ ခရီးစဉ်ဟာ နှစ်ပေါင်း ၅ဝ အတွင်း ပထမဆုံးအကြိမ် ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်က ဒေါ်အောင်ဆန်းစုကြည်ကို အမေရိကန်သမ္မတ အိုဘားမားက သူ့ရဲ့ အထူးလေယာဉ်ပေါ်ကနေ တယ်လီဖုန်းနဲ့ မိနစ် ၂ဝ ကျော် စကား ပြောဆိုပြီးတဲ့နောက် မစ္စက်ကလင်တန်ရဲ့ မြန်မာနိုင်ငံ ခရီးစဉ်ကို သမ္မတကိုယ်တိုင် ကြေညာခဲ့ပါတယ်။
အခုလို အမေရိကန် ပြည်ထောင်စုက နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်ကို မြန်မာနိုင်ငံကို စေလွှတ်ဖို့ ဆုံးဖြတ်ခဲ့တဲ့အပေါ် အားရ ကျေနပ်မိကြောင်း မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကောင်စီက သတင်း ထုတ်ပြန်ခဲ့ပါတယ်။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးရဲ့ ခရီးစဉ်ဟာ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ လူ့အဖွဲ့အစည်းတစ်ရပ် ထူထောင်ရေးအတွက် အပြုသဘောဆောင်တဲ့ အခြေအနေတွေ ဖြစ်ပေါ်စေလိမ့်မယ်လို့ မျှော်လင့်ကြောင်းလည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အမေရိကန် အစိုးရကတော့ ဒီခရီးစဉ်ကြောင့် နှစ်နိုင်ငံဆက်ဆံရေး ပိုမို ကောင်းမွန်လာမှာ ဖြစ်ပေမယ့် မြန်မာနိုင်ငံအပေါ် ပိတ်ဆို့ အရေးယူမှု ကိုတော့ ရုပ်သိမ်းပေးဦးမှာ မဟုတ်ဘူးလို့ ကြေညာထားပါတယ်။