NLD ဗဟိုအမျိုးသမီးကော်မတီ ကချင်ဒုက္ခသည်စခန်းတွေကို သွားရောက်ကူညီ
2017.10.07

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီရဲ့ ဗဟိုအမျိုးသမီးလုပ်ငန်းကော်မတီဟာ ကချင်ပြည်နယ် မိုးကောင်း မြို့နယ်မှာရှိတဲ့ စစ်ဘေးဒုက္ခသည်စခန်း ၄ ခုကို သွားရောက်ပြီး အကူအညီတွေ ပေးအပ်ခဲ့တယ်လို့ ဗဟိုအမျိုးသမီး လုပ်ငန်းကော်မတီဝင်ဖြစ်တဲ့ လွှတ်တော်ကိုယ်စားလှယ် ဒေါ်သန္တာက ပြောပါတယ်။
အဲဒီ ဒုက္ခသည်စခန်းတွေက အိမ်ထောင်စုတွေကို ဆန်၊ ဆီစတဲ့ အခြေခံစားသောက်ကုန်တွေနဲ့ အဝတ်အထည်တွေ စာအုပ်တွေ လှူဒါန်းခဲ့တယ်လို့ ဒေါ်သန္တာက ပြောပါတယ်။
"ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းက ပေးတာတော့ မိသားစုဝင် တစ်စုကို ဆန် ၁၂ ပြည် တစ်အိတ်နဲ့ ဆီ ၁ ပိဿာ တစ်ပုံး။ ရွှေစင်စြင်္ကာနဲ့ ရတနာမိုး ပုံနှိပ်တိုက်က မိသားစု တစ်စုကို ကော်ဖီမစ်အကြီး တစ်ပါကင်။ ချိုချဉ် တစ်ပါကင်။ နောက် အဝတ်အထည်။ တစ်မိသားစုကို အနွေးထည် ၃ ထည်။ ကျောင်းနေအရွယ် ကလေးတစ်ဦးကို ဗလာစာအုပ် တစ်ဒါဇင်နဲ့ ဘောပင် ၁၀ ချောင်း အဲဒါတွေ လှူခဲ့တယ်"
NLD ဗဟိုအမျိုးသမီးလုပ်ငန်း ကော်မတီဝင်တွေဟာ မိုးကောင်းမြို့မှာရှိတဲ့ နှစ်ခြင်းခရစ်ယာန်ကျောင်း ၃ ခုနဲ့ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းတစ်ကျောင်းမှာရှိတဲ့ စစ်ဘေး ဒုက္ခသည် ၂၀၀ ကျော်အတွက် အကူ အညီတွေ ပေးအပ်ခဲ့တာ ဖြစ်ပါတယ်။
ဒါ့အပြင် NLD ကျန်းမာရေးကွန်ယက်ကလည်း ကျန်းမာရေး စောင့်ရှောက်မှုတွေ ပြုလုပ်ပေးခဲ့တယ်လို့ သိရ ပါတယ်။
လွန်ခဲ့တဲ့ ၂၀၁၁ ခုနှစ် ဇွန်လ ၉ ရက်နေ့ကစပြီး တပ်မတော်နဲ့ KIA တို့ကြား တစ်ကျော့ပြန် ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲ တွေကြောင့် ကချင်ပြည်နယ်မှာ စစ်ဘေးဒုက္ခသည်တွေ အမြောက်အများ ရှိနေတာဖြစ်ပါတယ်။
အစိုးရ ထိန်းချုပ်ဒေသမဟုတ်တဲ့ နေရာတွေမှာတင် စစ်ဘေးဒုက္ခသည် ၄ သောင်း ဝန်းကျင်ရှိတယ်လို့ ကုလသမဂ္ဂရဲ့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးအဖွဲ့ဖြစ်တဲ့ UNOCHA က ထုတ်ပြန်ထားပါတယ်။