၂၇ နှစ် မြောက် ပါတီထူထောင်တဲ့ အခမ်းအနား NLD ကျင်းပ
2015.09.27

မြန်မာ့နိုင်ငံရေးအပြောင်းအလဲကို အမှန်တကယ် လက်တွေ့ကျကျ ပြုလုပ်ပေးနိုင်တဲ့ နိုင်ငံရေးပါတီဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပဲဖြစ်တဲ့အတွက် ထောက်ခံ အားပေးကြဖို့ NLD တည်ထောင်တဲ့ ၂၇နှစ်မြောက် နေ့ အခမ်းအနားမှာ ကြေငြာချက်ထုတ်ပြန်လိုက်ပါတယ်။
အန်အယ်လ်ဒီပါတီ တည်ထောင်တဲ့ ၂၇ နှစ်မြောက် အခမ်းအနားကို ဒီကနေ့ ရန်ကုန်မြို့ ဗဟန်းမြို့နယ်က NLD ရုံးချုပ်မှာ ကျင်းပခဲ့ပါတယ်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ထုတ်ပြန်ချက်ကို ဗဟိုကော်မတီဝင် ဒေါ်မေဝင်းမြင့်က အခမ်းအနားမှာ အခုလို ပြောပါတယ်။
"နိုင်ငံရေးအပြောင်းအလဲကို အမှန်တကယ်လက်တွေ့ကျကျ ပြောင်းလဲပေးမည့် နိုင်ငံရေးပါတီမှာလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှတစ်ပါး အခြားမရှိနိုင်ပေ၊ အဘယ်ကြောင့်ဆိုသော် အမြော်အမြင်ရှိပြီး အားကောင်းသောခေါင်းဆောင်၊ တောင့်တင်းခိုင်မာသော လူထုချစ်ခင်မှုရှိသည့်ပါတီ၊ ပြည်သူလူထုနှင့် တသားတည်း ကျသော ဒီမိုကရေစီမူဝါဒလမ်းစဉ် စသည့်မွန်မြတ်သောအရည်အချင်းနှင့် ဂုဏ်ရည်တို့ နှင့်ထပ်တူကျသည့် နိုင်ငံရေးပါတီ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်တစ်ဖွဲ့တည်း သာရှိသည်"
အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းဟာ ၁၉၄၇ ခုနှစ် တိုင်းပြုပြည်ပြု ရွေးကောက်ပွဲကတဆင့် အမျိုးသားလွတ်လပ်ရေးနဲ့ တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးကို ကြိုးပမ်းခဲ့သလို ဒေါ်အောင်ဆန်းစုကြည်ကလည်း ၂ဝ၁၅ ရွေးကောက်ပွဲကနေ အမျိုးသားရင်ကြားစေ့ရေးနဲ့ နိုင်ငံအပြောင်းအလဲအတွက် ကြိုးစားနေကြောင်း ကြေညာချက်မှာ ပါရှိပါတယ်။
လာမယ့်ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ ရှမ်းပြည်နယ်မှာ တိုင်းရင်းသားပါတီတွေ ယှဉ်ပြိုင် တဲ့ နေရာတချို့မှာ ဝင်ရောက်ယှဉ်ပြိုင်မှာ မဟုတ်ဘူး လို့လည်း ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက ပြောပါတယ်။
ဒါ့အပြင် ရန်ကုန်တိုင်းဒေသကြီး ကိုကိုကျွန်းမဲဆန္ဒနယ်မှာ စည်းရုံးရေးဆင်းဖို့အတွက် ကျွန်းကိုရောက်အောင် မနည်းကြိုးပမ်းခဲ့ရသလို တိုင်းရင်းသားဒေသ တချို့မှာလည်း မဲဆွယ်စည်းရုံးရေးအတွက် အခက်တွေ့နေကြောင်း သိရပါတယ်။
ဒီအခမ်းအနားကို ၈၈ မျိုးဆက်ငြိမ်းချမ်းရေနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ခေါင်းဆောင်တွေ၊ ၇၄-၇၅-၇၆ နိုင်ငံရေး အင်အားစုတွေနဲ့ နိုင်ငံတကာသံရုံးတွေက သံတမန်တွေ တက်ရောက်ကြပါတယ်။