မြန်မာများရဲ့ ရုပ်ပုံလွှာ ပန်းချီပြပွဲ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်
2011.10.23

The Portraits of Myanmar People “မြန်မာများ၏ ရုပ်ပုံလွှာ” လို့ တိုက်ရိုက်အမည်ရတဲ့ ဒီပန်းချီပြပွဲမှာ ဗိုလ်ချုပ်အောင်ဆန်း၊ ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းတင်၊ လူထုဦးစိန်ဝင်း၊ ဦးခင်မောင်ရင်၊ တေးရေးဆရာ ကိုနေဝင်း စတဲ့ ပုဂ္ဂိုလ်တွေရဲ့ ပုံတူပန်းချီကားတွေ ပါဝင်တယ်လို့ NLD ပြန်ကြားရေးတာဝန်ခံ ဦးအုန်းကြိုင်က ပြောပါတယ်။
ဒီအထဲမှာ ဘူးသီးထောင် အကျဉ်းထောင်မှာ အကျဉ်းကျနေတဲ့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုဌေးကြွယ် ရေးဆွဲတဲ့ ဆီဆေး ပန်းချီကားလည်း ချိတ်ဆွဲ ပြသထားတယ်လို့ ဦးအုန်းကြိုင်က ပြောပြပါတယ်။
“အားလုံးပေါင်း ၅၉ ကားပါ။ ထူးခြားတာကတော့ ဘူးသီးတောင် ထောင်မှာ ထောင်ဒဏ်ကျခံနေရတဲ့ ကျောင်းသားခေါင်းဆောင် ကိုဌေးကြွယ်က ထောင်ထဲမှာ ဗိုလ်ချုပ်အောင်ဆန်းပုံ ဆီဆေး ပန်းချီကားတခု ဆွဲပြီး ဒေါ်အောင်ဆန်းစုကြည်ကို လက်ဆောင်ပို့ပေးပါတယ်။ အဲဒီပန်းချီကားကို ပြထားပါတယ်။ ထောင်က အပြင်ထုတ်ခွင့်ပေးထားတဲ့ တံဆိပ်တုံးတွေ ပန်းချီကားပေါ်မှာ ရိုက်ထားတာလည်း တွေ့ရပါတယ်”
ပြပွဲမှာ နာမည်ကျော် ပန်းချီဆရာတွေ ဖြစ်တဲ့ ဝင်းဖေမြင့်၊ စန္ဒာခိုင်၊ တင်အောင်ကျော်၊ ထင်လင်းနိုင်၊ ကြည်သာအေး၊ ကျော်လင်း နဲ့ ဖိုးစံ တို့ရဲ့ ဆီဆေး၊ အက်ခရဲလစ် ပုံတူပန်းချီကားတွေ ခင်းကျင်းထားတာပါ။
ပန်းချီကား တန်ဖိုးတွေက အနည်းဆုံး တသိန်းကနေ ၁ဝ သိန်းအထိ သတ်မှတ်ထားပြီး ဒီကနေ့ ဖွင့်ပွဲနေ့မှာ ၁၂ သိန်းဖိုးလောက် ရောင်းချရတယ်လို့ ဆိုပါတယ်။ ရောင်းရငွေရဲ့ ထက်ဝက်ကို ပန်းချီဆရာတွေက NLD လူမှု အထောက်အကူပြု လုပ်ငန်းအဖွဲ့ကို လှူဒါန်းမယ်လို့လည်း သိရပါတယ်။
ဒီနေ့ ပန်းချီပြပွဲ ဖွင့်ပွဲအခမ်းအနားကို ပရိသတ် ၁၅ဝ လောက် တက်ရောက်ခဲ့ပြီး ပြပွဲကို ဒီနေ့ကစပြီး အောက်တိုဘာလ ၂၅ ရက်နေ့အထိ မနက် ၁ဝ နာရီကနေ ညနေ ၅ နာရီအတွင်း ခင်းကျင်းပြသ သွားမယ်လို့ သိရပါတယ်။