အခြေခံဥပဒေပြင်ရေး လူထုဟောပြောပွဲများ NLD နဲ့ ၈၈ အဖွဲ့ ပူးပေါင်းဆောင်ရွက်သွားမည်
2014.05.02

၂၀၀၈ ဖွဲ့စည်းပံ ုအခြေခံဥပဒေမှာ ပြဌာန်းထားတဲ့ ဖွဲ့စည်းပုံပြင်ဆင်တဲ့ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ၈၈ မျိုးဆက်ငြိမ်းချမ်းရေး နဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းတို့ ပူးပေါင်းဟောပြောမယ့် လူထုဟောပြောပွဲဖြစ်မြောက်ရေး ဗဟိုကော်မတီကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဒီနေ့ဖွဲ့စည်းလိုက် ပါတယ်။
လာမယ့် မေလ ၁၇ နဲ့ ၁၈ ရက်နေ့မှာ ရန်ကုန်နဲ့ မန္တလေးမြို့တွေမှာ လူထုဟောပြောပွဲတွေ ကျင်းပ မှာဖြစ်ပြီး ပုဒ်မ ၄၃၆ နဲ့ ပတ်သက်တဲ့ လူထုသဘော ထား ဆန္ဒကောက်ခံဖို့လည်း စီစဉ်ထားတယ် လို့ ဖြစ်မြောက်ရေး ကော်မတီဝင် ဦးဉာဏ်ဝင်း က ပြောပါတယ်။
"ရန်ကုန်မှာ ၁၇ ရက်နေ့ ရန်ကုန်မှာ ၁၈ ရက်နေ့ ဟောပြောပွဲလုပ်ပါမယ်၊ နောက်ပြီးတော့ ၂၇ ရက်နေ့ကျတော့ တစ်ပြည်လုံးကို ကျနော်တို့ လက်မှတ်ရေးထိုးဖို့ မှတ်တမ်းစာအုပ်တွေပို့ပါမယ်၊ ကျနော်တို့ ဒီလိုလုပ်တဲ့အတွက် ပြည်သူတွေက ဖွဲ့စည်းပုံ အကြောင်းလည်း ပိုနားလည်လာမယ်၊ ၄၃၆ ရဲ့ အဓိပ္ပာယ်ကိုလည်း ပိုနားလည်လာမယ်၊ အဲတော့ ပြည်သူ့ဆန္ဒက အဓိကပဲ၊ ယုံကြည်ချက်နဲ့ ဒါကိုလုပ်ဖို့ပါ"
အဲဒီလူထုဟောပြောပွဲ ဖြစ်မြောက်ရေး ဗဟိုကော်မတီမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဗဟိုအလုပ် အမှုဆောင်တွေဖြစ်ကြတဲ့ ဦးဝင်းထိန်၊ ဦးဉာဏ်ဝင်း၊ ဦးထွန်းထွန်းဟိန်၊ ဦးအုန်းကြိုင်၊ ဦးဟံသာမြင့်နဲ့ ဦးဝင်းမြင့်တို့ပါဝင်ပြီး ရန်ကုန်တိုင်း လူထုဟောပြောပွဲ ကျင်းပရေးကော်မတီမှာ ဒေါက်တာမျိုးအောင်၊ ဒေါက် တာမေဝင်းမြင့်၊ ဦးစိုးညွန့်(တော်ဝင်နှင်းဆီ)၊ ဦးမြင့်ဌေးနဲ့ ဦးထွန်းမြင့်တို့ ပါဝင်ပါတယ်။
အဲ့ဒီလူထုဟောပြောပွဲတွေကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း) တို့ ပထမဆုံးအကြိမ် ပူးပေါင်းကျင်းပတာ ဖြစ်ပါတယ်။
ပုဒ်မ ၄၃၆ ပြင်ဆင်ရေးအတွက် ဒေါ်အောင်ဆန်းစုကြည်နဲ့ ၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း ) ခေါင်းဆောင်တွေဟာ ၄ ကြိမ်ထက်မနည်း ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။
လူထုဟောပြောပွဲ ဖြစ်မြောက်ရေး ကော်မတီဝင် ဦးဉာဏ်ဝင်းကို RFA သတင်းထောက် ကိုကျော်သူ ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။