NLD ပညာရေးကွန်ရက် မဲဆောက်မြို့က မြန်မာစာသင်ကျောင်းတွေကို လှူဒါန်း

အဲဒီငွေသား အလှုငွေအပြင် ဗလာစာအုပ်၊ ခဲတံ၊ စတဲ့ ပညာရေး အသုံးအဆောင်ပစ္စည်းတွေကို The Best Friend၊ BHSOH၊ SAW၊ မိုးမခ၊ Sophia Wisdom Park၊ သွေးသစ်၊ မင်းမဟော်၊ နမ်းတုန့်၊ ရောင်နီဦးစတဲ့ ကျောင်းတွေကို ပေးအပ်လှုဒါန်းခဲ့တာဖြစ်ပြီး၊ဒီလှုဒါန်းမှုနဲ့ ပတ်သက်လို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပညာရေးကွန်ရက်ရဲ့ ညှိနှိုင်းရေးမှူး လှည်းကူးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖြိုးမင်းသိန်းက RFA ကို အခုလိုပြောပါတယ်။
“ဒီဘက်မှာ ရွှေ့ပြောင်းမြန်မာတွေက အရင်က ကူညီမှုတွေများတယ် အခု ဒီဘက်နောက်ပိုင်းမှာ ကူညီမှုတွေနည်းလာတယ် မြန်မာပြည်ရဲ့ပြုပြင်ပြောင်းလဲလာတဲ့အတွက် ကူညီသူတွေက ပြည်တွင်းကိုပဲ ကူညီချင်ကြတယ်။ အဲဒီအတွက် ကျနော်တို့က ဒီပြည်ပမှာ နယ်ခြားဒေသမှာ ရောက်နေတဲ့ ရွှေ့ပြောင်းမြန်မာတွေမှာ အခက်အခဲတွေရှိနေတယ်ဆိုတာကို သိစေချင်တယ်။သိစေချင်တဲ့အတွက်က ကျနော်တို့ဒီလှူဒါန်းမှုကို ဒီဘက်ကို ဆောင်ရွက်တာဖြစ်ပါတယ်။ ဒီလိုဆောင်ရွက်ခြင်းအားဖြင့် နိုင်ငံတကာရဲ့ဒီဘက်မှာ ပညာရေး ကျန်းမာရေးနဲ့ ပတ်သက်ပြီး ကူညီမှုတွေတိုးပြီး ရနိုင်လိမ့်မယ်လို့ ကျနော်တို့ မျှော်လင့်တယ်။”
ဒီအလှူငွေပေးအပ်ပွဲအခမ်းအနားကို မဲဆောက်ဒေသတွင်းက ကျောင်းဆရာ ၊ ဆရာမနဲ့ ပညာရေးဝန်ထမ်း (၃၉) ဦးပါတဲ့ အဖွဲ့တက်ရောက်ခဲ့ပြီး၊အဖွဲ့ကို ဆရာ ဆရာမများ အစည်းအရုံး (BMTA)ရဲ့အတွင်းရေးမှူး ဦးနိုင်နိုင်ထွန်းက ဦးဆောင်ခဲ့တာဖြစ်ပါတယ်။
အဖွဲ့ချုပ် ပညာရေးကွန်ရက်အဖွဲ့က အခုလိုအလှူငွေ လာရောက်ပေးအပ်တဲ့အပေါ် ဦးနိုင်နိုင်ထွန်းက အခုလို အသိအမှတ်ပြုခံရတဲ့အတွက် ပီတိဖြစ်မိကြောင်း ပြောပါတယ်။
“ငွေကြေးလှူဒါန်းတာထက်စာလို့ရှိရင် ဒီနယ်စပ်ဒေသမှာ တောက်လျှောက် နှစ်ပေါင်းများစွာလုပ် ကိုင်အနစ်နာခံပြီးဆောင်ရွက်နေရတဲ့ ဆရာ ဆရာမတွေ သူတို့ရဲ့ ပြုစုပျိုးထောင်ခဲ့တဲ့ အသီး အပွင့်တွေ အသိအမှတ်အပြုခံရတယ်လို့ပဲ ကျနော်တို့ခံစားရပါတယ်။ ဒီထက်မကဆိုလို့ရှိရင် လည်း နိုင်ငံတော်ထဲက ကလေးတွေပဲဖြစ်တဲ့အတွက် နိုင်ငံတော် အတိုင်းအတာအဆင့်နဲ့ ဆက်လက် အသိအမှတ်ပြုမှုကိုလည်း ကျနော်တို့ မျှော်လင့်တယ်ပေါ့နော်။”
NLD ပညာရေးကွန်ရက်အဖွဲ့ဟာ ဇန်နဝါရီလ (၂၆)ရက်နေ့ ညနေပိုင်းမှာ မဲဆောက်မြို့က မယ်တော်ဆေးခန်းမှာ ဒေါက်တာစင်သီယာမောင်နဲ့လည်းတွေ့ဆုံပြီး နယ်စပ်ဒေသ ပညာရေးကျန်းမာရေး အခြေအနေတွေကိုဆွေးနွေးခဲ့ကြပါတယ်။
ဒေါက်တာစင်သီယာမောင်က နယ်စပ်ဒေသက မြန်မာနိုင်ငံသားတွေရဲ့ပညာရေး ကျန်းမာရေး အခြေအနေတွေကို ပြည်တွင်းနဲ့ ဆက်စပ်ဆောင်ရွက်နိုင်ဖို့ အပြင် ဒေသတွင်း အာဆီယံ ပညာရေး အစီအစဉ်တွေမှာ မြန်မာကလေးတွေ ပါဝင်သင်ကြားခွင့်ရလာဖို့အတွက် လမ်းကြောင်းပွင့်လာအောင် ဆက်ပြီး လုပ်ဆောင်ကြရဦးမှာဖြစ်တယ်လို့ပြောပါတယ်။
အဖွဲ့ချုပ်ပညာရေးကွန်ရက်အဖွဲ့ကို အဖွဲ့ချုပ် ဗဟိုညီလာခံကျင်းပရေးကော်မရှင်အဖွဲ့ဝင် ဦးစိုးဝင်း ဦးဆောင်ပြီး အဖွဲ့ချုပ် ပညာရေးကော်မတီအဖွဲ့ဝင် ဒေါက်တာ သိန်းလွင် ၊ ညှိနှိုင်းရေးမှူး လှည်းကူးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖြိုးမင်းသိန်းတို့အပါအဝင် ပညာရေးကွန်ရက်အဖွဲ့ဝင် စုစုပေါင်း (၁၈)ဦး တက်ရောက်ခဲ့ပါတယ်။