စစ်ကောင်စီကို အားပေးတာရပ်ဖို့ တရုတ်သမ္မတထံ အိတ်ဖွင့်ပေးစာပို့
2022.04.26

မြန်မာပြည်သူတွေကို အကြမ်းဖက်သတ်ဖြတ်နေတဲ့ အာဏာသိမ်းစစ်ကောင်စီကို တရုတ်အစိုးရနဲ့ စီပွားရေးလုပ်ငန်းရှင်တွေက တရားဝင်အသိအမှတ်ပြုပြီး ဆက်လက်ထောက်ခံအားပေးနေမယ်ဆိုရင် တရုတ်နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းတွေနဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ထိခိုက်လာနိုင်တယ်လို့ မြန်မာနိုင်ငံဒီမိုကရေစီ ပြန်လည်ရရှိရေးအတွက် ပါဝင်ဆောင်ရွက်နေတဲ့ အဖွဲ့အစည်း ၅၅၈ ဖွဲ့က တရုတ်သမ္မတထံကို ဧပြီလ ၂၅ ရက်နေ့ ရက်စွဲနဲ့ ပေးပို့တဲ့ အိတ်ဖွင့်ပေးစာမှာ ဖော်ပြထားပါတယ်။
“မိမိတို့အနေနဲ့ တရုတ်-မြန်မာချစ်ကြည်ရေး ပိုမိုခိုင်မာလာတာကို မြင်တွေ့လိုပါတယ်။ဒါကြောင့်စစ်ကောင်စီနဲ့ စီးပွားရေးလုပ်ငန်းသစ်တွေ စတင်တာကို ရပ်တန့်ပြီး NUG အစိုးရနဲ့တရုတ်အစိုးရကြား အဆင့်မြှင့် ဆွေးနွေးမှုတွေစတင်ပါ။ စစ်ကောင်စီကို ဆန့်ကျင်နေတဲ့ တခြားပါတီအဖွဲ့အစည်းတွေနဲ့လည်း ဆက်ဆံရေး ထူထောင်ပါ။” လို့ အဲဒီအိတ်ဖွင့်ပေးစာမှာ ဖော်ပြထားပါတယ်။

တရုတ်အစိုးရပြောလေ့ရှိတဲ့ ဆွေမျိုးပေါက်ဖော်ဆိုတာ မြန်မာပြည်သူတွေကို ဆိုလိုတာလား၊ စစ်ကောင်စီကိုဆိုလိုတာလား မေးခွန်းထုတ်ရလိမ့်မယ်လို့ အိတ်ဖွင့်ပေးစာပေးပို့ရာမှာ ဦးဆောင်ပါဝင်သူတစ်ဦးဖြစ်တဲ့ သွေးစွန်းငွေဖြတ်တောက်ရေးလှုပ်ရှားမှုအင်အားစုအဖွဲ့ဝင် ကိုရဲက RFA ကိုပြောပါတယ်။
“မြန်မာပြည်သူတွေကို ဆွေမျိုးပေါက်ဖော်လို သဘောထားတယ်ဆိုရင်တော့ ဒီမိုကရေစီလူ့အခွင့်အရေးနဲ့ တရားမျှတမှုအတွက် တိုက်ပွဲဝင်နေတဲ့ မြန်မာပြည်သူတွေကို သူတို့ကူညီထောက်ပံ့ပေးဖို့လိုတယ်။ မြန်မာပြည်သူနဲ့အတူရပ်တည်ဖို့လိုတယ်။ တရုတ်အစိုးရရဲ့ လုပ်ရပ်ကိုကြည့်လိုက်ရင် စစ်တပ်ကိုပဲ ဆွေမျိုးပေါက်ဖော်လို့ သတ်မှတ်ပုံရတယ်။ တရုတ်အစိုးရက စစ်တပ်ကိုပဲ ဆွေမျိုးပေါက်ဖော်အနေနဲ့ ဆက်ပြီးဆက်ဆံသွားမယ်ဆိုရင် မြန်မာပြည်သူတွေဟာ တရုတ်အစိုးရကို ရန်သူသဖွယ်မြင်လာပြီးတော့ နောက်ပိုင်းဖြေရှင်းလို့မရတဲ့ အမုန်းတရားတွေ ဖြစ်လာမှာစိုးရိမ်တယ်။ သတိပေးချင်တယ်။ သူတို့ ရပ်တည်ချက်ကို သဘောထားပြောင်းဖို့ ကျွန်တော်တို့ ပြည်သူတွေဘက်က ရပ်တည်ဖို့ အဲ့လိုမရပ်တည်ပေးဘူးဆိုရင်တောင်မှ စစ်တပ်ကိုကူညီထောက်ပံ့ပေးနေတဲ့ နိုင်ငံရေးအရသော်လည်းကောင်း၊ သံတမန် နည်းအရသော်လည်းကောင်း စစ်လက်နက်ပစ္စည်းအရသော်လည်းကောင်း ကူညီထောက်ပံ့ပေးနေတာ ရပ်တန့်လိုက်ဖို့လိုပြီ။ ရပ်တန့်ကြောင်း ပြတ်ပြတ်သားသားထုတ်ဖော်ပြောဆိုပြီး ပြည်သူကို အသိပေးသင့်ကြောင်း ပြောချင်တယ်။”
ဒီလှုပ်ရှားမှုမှာပါဝင်တဲ့ ဒီမိုကရေစီဖွံ့ဖြိုးတိုးတက်ရေးလှုပ်ရှားမှုကော်မတီက မသဉ္ဇာရွှန်းလဲ့ရည်ကလည်း တရုတ်အစိုးရရဲ့ မြန်မာနိုင်ငံဆိုင်ရာအတွေးအမြင်တွေ မှားနေတယ်လို့ ဝေဖန်ပါတယ်။
“ဒီတော်လှန်ပြည်သူတွေက နိုင်ငံရဲ့အများစုသော ပြည်သူတွေဖြစ်တယ်။ ဒီလူဦးရေရဲ့ သဘောထားကို ကျော်လွန်ပြီးတော့ လူနည်းစုဖြစ်တဲ့ စစ်တပ်ကို အားပေးထောက်ခံတဲ့ လုပ်ရပ်တွေ အခုမှမဟုတ်ဘူး။ အရင်ကတည်းကလည်းရှိတယ်။ အခုတော်လှန်ရေးကာလမှာဆိုရင်လည်း ပေါ်ပေါ်ထင်ထင် တရားဝင် ပေးနေတဲ့အရာတွေ စီးပွားရေးလုပ်ငန်းတွေပဲဖြစ်စေ၊ ထိစပ်နေတဲ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေပဲဖြစ်စေ ဒါတွေ အားလုံးကို ကျွန်မတို့ပြည်သူအားလုံးက တစ်ပြေးညီ ကန့်ကွက်နေတယ်ဆိုတာကို သတင်းစကားပေးတာကို တရုတ်နိုင်ငံက အစိုးရက လုံးဝ အသိအမှတ်ပြုဖို့ လိုအပ်ပါတယ်။”
တရုတ်သမ္မတထံအဖွဲ့အစည်း ၅၅ဝ ကျော်က စုပေါင်းရေးသားတဲ့ အဲဒီအိတ်ဖွင့်ပေးစာကို တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ ရန်ကုန်မြို့က တရုတ်သံရုံးအပါအဝင် ရုံးဌာနအဖွဲ့အစည်းတွေကတစ်ဆင့် မနေ့က ပေးပို့လိုက်တယ်လို့ သိရပါတယ်။

မြန်မာ့နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်ကလည်း ဒီစာဟာမြန်မာပြည်သူတစ်ရပ်လုံးရဲ့ဆန္ဒတွေကို ထင်ဟပ်နေတယ်လို့ သုံးသပ်ပြောဆိုပါတယ်။
“ဒီနေ့ကာလဟာ စကစရဲ့အကြမ်းဖက်မှုတွေကို ခုခံတိုက်ခိုက်နေတဲ့ အချိန်အခါဖြစ်ပါတယ်။ အရှိန်အဟုန်ကလည်းတော်တော်ကောင်းမွန်လာပြီးတော့ အဆုံးအဖြတ်ပေးမယ့် အခန်းကဏ္ဍရောက်တော့မှာပါ။ အဲ့လိုအခြေအနေကြီးမှာ တရုတ်ပြည်အနေနဲ့ စစ်ကောင်စီကို အသိအမှတ်ပြု စီးပွားရေးအရ အထောက်အကူပြုပြီး အကူအညီပေးတာတွေ၊ စစ်ကောင်စီကို အစိုးရဖြစ်ကြောင်း အသိအမှတ်ပြုဖော်ပြတာတွေ၊ လှုပ်ရှားတာတွေဟာ နှစ်ရှည်လများတည်ဆောက်ခဲ့တဲ့ နှစ်နိုင်ငံ ချစ်ကြည်ရေးကို ရေရှည်မှာဆိုးဝါးစွာ ပြုလုပ်တဲ့အကျိုးသက်ရောက်မှုဖြစ်စေတယ်။ စစ်ကောင်စီရဲ့ အခန်းကဏ္ဍကို ဆက်လက်မြှင့်တင်ပေးမယ်ဆိုရင် နောင်လာမယ့်ကာလတွေမှာ နှစ်နိုင်ငံအကျိုးတူစီးပွားရေး ဆောင်ရွက်မှုတွေ ထိခိုက်စေရုံမက လတ်တလောမှာ တရုတ်ပြည်ရဲ့ မြန်မာပြည်က ရင်းနှီးမြှပ်နှံထားဆဲ လုပ်ငန်းတွေ တစ်စုံတစ်ရာ အဖျက်ရှိလာနိုင်တဲ့အတွက် ဒီစာကို ပြည်သူတွေရဲ့ သတိပေးချက်အဖြစ် မှတ်ယူသင့်ပြီလို့ အလေးအနက်ပြောချင်ပါတယ်။”
အရပ်ဘက်အဖွဲ့အစည်းတွေရဲ့ တရုတ်သမ္မတထံပေးစာမှာ မကြာခင်က စစ်ကောင်စီရဲ့ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်ကို တရုတ်နိုင်ငံကဖိတ်ကြားခဲ့တဲ့အတွက် မြန်မာပြည်သူတွေက အလွန်အမင်း ဒေါသထွက်နေကြကြောင်းနဲ့ တရုတ်အစိုးရအနေနဲ့ စစ်ကောင်စီတပ်ဖွဲ့တွေကို ပေးနေတဲ့ ထောက်ပံ့ကူညီမှုတွေကို ရပ်ဆိုင်းပြီး အဲဒီကူညီမှုတွေကို လက်ရှိတော်လှန်ရေးမှာ ပါဝင်နေတဲ့ မြန်မာပြည်မြောက်ပိုင်းက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို ပံ့ပိုးပါလို့လည်း ဖော်ပြထားပါတယ်။
ဒီပေးစာနဲ့ပတ်သက်ပြီး တရုတ်အစိုးရနဲ့ စစ်ကောင်စီထံက တုံ့ပြန်ချက်ကို RFAက မရသေးပါဘူး။