ငါန်းဇွန်မြို့နယ်မှာ ရွာသား ၃၀ ကျော် ဖမ်းဆီးခံထားရ
2023.09.05

မန္တလေးတိုင်း ငါန်းဇွန်မြို့နယ် သကျင်ရွာမှာ စစ်ကောင်စီတပ်က ရွာသား ၃၀ ကျော်ကို ကျေးရွာ အုပ်ချုပ်ရေးရုံးမှာ နှိပ်စက်ညှဉ်းပန်း စစ်ဆေးပြီးနောက် စစ်ကြောင်းချီတက်ရာ လမ်းတစ်လျှောက် လူသားဒိုင်းအဖြစ် ဖမ်းခေါ်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အရင်ကတည်းက သကျင်ရွာ ဘုန်းကြီးကျောင်းမှာ ယာယီတပ်စွဲထားတဲ့ အင်အား ၃၀၀ ကျော်ရှိတဲ့ စစ်ကောင်စီတပ်ကို စက်တင်ဘာ ၁ ရက်နေ့မှာ ငါန်းဇွန်မြို့နယ် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့က ဒရုန်းနဲ့ ဗုံးချတိုက်ခိုက်ခဲ့တာကြောင့် စစ်သား ခုနစ်ဦး သေဆုံးခဲ့ တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီကိစ္စကို အကြီးအကျယ်စိတ်ဆိုးပြီး စက်တင်ဘာ ၃ ရက်နေ့မှာ ရွာသူ ရွာသား ၅၀ ကျော်၊ စက်တင်ဘာ ၄ ရက်နေ့မှာ ၂၀ ကျော် စုစုပေါင်း ၇၀ ကျော်ကို အရင်ဆုံး ဖမ်းဆီးခဲ့တာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။
"ရွာထဲ၊ လမ်းမှာ တွေ့သမျှလူကို တစ်ခါတည်း ဆွဲဖမ်းတယ်။ တောထဲသွားနေတဲ့ နွားကျောင်းသားကအစ ဖမ်းတာ၊ ညပိုင်းမှာ အမျိုးသမီးတွေ ဖမ်းတယ်။ မျက်နှာကို အဝတ်နဲ့ စည်းတယ်၊ လက်ပြန်ကြိုးတုပ် တယ်။ စစ်ကြောရေး ပုံစံမျိုးပေါ့။ ယောက်ျား မှန်သမျှကတော့ အကုန်ဖမ်းတာပဲ။ သားအဖတွေရော၊ ညီအစ်ကို တွေရောပဲ"
အဲဒီလူအားလုံးကို ကျေးရွာအုပ်ချုပ်ရေးရုံးမှာ နှိပ်စက်ညှဉ်းပန်း စစ်ဆေးပြီးတဲ့နောက် စက်တင်ဘာ ၄ ရက်နေ့မှာ ကားလေးစီးနဲ့ တခြားရွာကို ဖမ်းခေါ်သွားတယ်လို့ သူက ဆိုပါတယ်။
ဒီနေ့ စက်တင်ဘာ ၅ ရက်နေ့မှာတော့ အမျိုးသမီးတွေအပါ လူ ၄၀ ကျော်ကို လမ်းတစ်ဝက် ကနေ ပြန်လွှတ်ပေးလိုက်ပေမယ့် ကျန် အမျိုးသား ၃၀ ကျော်ကို ဆက်ဖမ်းသွားတယ်လို့ ဒေသအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဖြစ်တဲ့ လူငယ်ပြောက်ကျား တော်လှန်ရေး အဖွဲ့ (TGYR) အဖွဲ့ရဲ့ တာဝန်ခံက RFA ကို ပြောပါတယ်။
"ကားလေးစီးနဲ့ ဖမ်းထားတဲ့ ပြည်သူတွေအကုန်လုံးကို ခေါ်သွားတယ်။ နှစ်ဖွဲ့ ခွဲ ပြန်သွား တာပဲ။ သူတို့ပြန်တဲ့ လမ်းကြောင်းမှာ အကာအကွယ်သဘောမျိုးနဲ့ ခေါ်သွားတာ။ သူတို့ သွားချင်တဲ့နေရာရောက်တော့ ပြန် လွှတ်လိုက်တယ်၊ အကုန်လုံးတော့ မဟုတ်ဘူးပေါ့။ ၃၀ ကျော်လောက်ကို ဆက်ဖမ်းထားတယ်"
ပြန်လွတ်လာသူ ၄၀ ကျော်မှာ အမျိုးသမီး ၁၀ ဦး ပါဝင်တယ်လို့ သူက ဆိုပါတယ်။ အခုချိန်ထိ အဖမ်းခံရသူ ၃၀ ကျော်ဟာ အသက် ၁၅ နှစ်ကနေ ၆၀ ကြားအရွယ် အမျိုးသား တွေဖြစ်ပြီး သူတို့ရဲ့ နာမည်အတိအကျ သိရဖို့ စုံစမ်းနေဆဲလို့ သူက ဆက်ပြောပါတယ်။
ဒီအခြေအနေနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်း ပြောရေးဆိုခွင့်ရှိသူ စီးပွားရေး ဝန်ကြီး ဦးသိန်းဌေး ကို တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုခြင်း မရှိပါဘူး။
၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလက သကျင်ရွာမှာ စစ်ကောင်စီတပ်နဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေ အကြား ပစ်ခတ်မှုဖြစ်ပြီး စစ်ဗိုလ်တစ်ဦး သေဆုံးခဲ့ပြီးကတည်းက စစ်တပ်က သကျင်ရွာထဲ မှာ အထိုင်ချ တပ်စွဲထားတာလို့ ဒေသခံတွေက ပြောပါတယ်။
ငါန်းဇွန်မြို့နယ် သကျင်ရွာဟာ ငါန်းဇွန်နဲ့ ငါန်းမြာကြီးမြို့ကို ဆက်သွယ်ထားတဲ့ ကားလမ်း ဘေးမှာ တည်ရှိပြီး လမ်းပန်းဆက်သွယ်ရေးအရ အချက်အချာ ကျသလို၊ တော်လှန်ရေး အင်အားစုတွေ အားကောင်းတာကြောင့် စစ်တပ်က မကြာခဏ ရွာတွေကို ဝင်ရောက် ရှင်းလင်းလေ့ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။