မန္တလေးတိုင်းမှာ စစ်ကောင်စီထောက်ခံသူအဖြစ် လူလေးဦးအသတ်ခံရ
2023.12.14
မန္တလေးတိုင်း ငါန်းဇွန်မြို့နယ်နဲ့ တောင်သာမြို့နယ်မှာ စစ်ကောင်စီကိုထောက်ခံသူအဖြစ် ပတ်ဝန်းကျင်က သတ်မှတ်ထားသူလေးဦး ဒီဇင်ဘာလ ၁၃ ရက်နေ့က အသတ်ခံရတယ်လို့ ဒေသခံတွေက RFA ကိုပြောပါတယ်။
ဒီဇင်ဘာလ ၁၃ ရက်နေ့ ညနေက ငါန်းဇွန်မြို့နယ် သဂျမ်းကုန်းရွာမှာ ဇနီးမောင်နှံနှစ်ဦးအဖမ်းခံရပြီးနောက် ခင်ပွန်းဖြစ်သူအသတ်ခံရတာလို့ လုံခြုံရေးအရအမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။
"သူတို့က စစ်ကောင်စီတပ် စစ်ကြောင်းလာရင်လည်း ဧည့်ခံပြီးတော့ လိုလေသေးမရှိ လိုက်လုပ်ပေးတာ။ ရွာထဲက မိန်းမတစ်ယောက် အဖမ်းခံရတုန်းကလည်း သူတို့ပါတယ်ဗျ။ ရွာထဲမှာ ဘယ်သူတွေရောက်နေတယ်၊ ဘာတွေလုပ်တယ်ဆိုရင် သူတို့က တိုင်တာ။ ယောကျ်ားကတော့ သေတယ်၊ မိန်းမက မသေဘူးလို့ ပြောတယ်"
စစ်ကောင်စီဘက်ကနေ ထောက်ခံရေးသားလေ့ရှိတဲ့ သတင်းဌာနတွေမှာတော့ သူတို့ကို ဒေသအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ် (PDF) က ဖမ်းသွားပြီးနောက် ခင်ပွန်းအသတ်ခံရပြီး ဇနီးကိုတော့ ဓားဒဏ်ရာတွေနဲ့ အသက်ရှင်လျှက် ပြန်တွေ့ရတယ်လို့ ဒီဇင်ဘာလ ၁၄ ရက်နေ့မှာ ဖော်ပြပါတယ်။
အလားတူ ဒီဇင်ဘာလ ၁၃ ရက်မှာပဲ တောင်သာမြို့နယ် ဘုရားလှရွာမှာ စစ်ကောင်စီတပ်က ဖွဲ့စည်းထားတဲ့ ပျူစောထီးအဖွဲ့ ခေါင်းဆောင်အဖြစ် ဒေသခံတွေ ယုံကြည်ထားသူတစ်ဦးနဲ့ နန်းမြင့်ရွာက သားအမိနှစ်ဦး၊ စုစုပေါင်းသုံးဦးအသတ်ခံရတယ်လို့ တောင်သာလူထုလှုပ်ရှားမှုကော်မတီက အမည်မဖော်လိုတဲ့ တာဝန်ခံတစ်ဦးက RFA ကိုပြောပါတယ်။
"ပုံမှန်အတိုင်းဆို အဲဒီရွာက ပျူအဖွဲ့တွေက စုစုစည်းစည်းနဲ့ ရွာဘေးပတ်ဝန်းကျင်ကို သွားတာလာတာတွေ အကုန်လုပ်တယ်။ အဲဒီနေ့က သူ့ယာကို ထွန်စက်မောင်းထွက်လာတာပေါ့။ အဲဒီအချိန် ကာကွယ်ရေးအဖွဲ့တွေက ရှင်းလင်းလိုက်တာ။ နန်းမြင့်ရွာမှာလည်း ဖြစ်စဉ် ရှိလိုက်တယ်လို့ ကြားတယ်။ သားအမိနှစ်ယောက်ပေါ့နော်၊ စုံစမ်းဆဲပါပဲ။ သူတို့က အစိမ်းမို့၊ ကြံ့ခိုင်ရေးမို့ လုပ်တာမဟုတ်ဘူး။ ပြည်သူကို နှိပ်စက်ညှဉ်းပန်းတဲ့ စစ်ကောင်စီအဖွဲ့ဝင်မှန်သမျှ အခွင့်အရေးရှိလို့ သတ်လိုက်တဲ့သဘောပါပဲ"
သေဆုံးသူတွေဟာ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီဝင်တွေ ဖြစ်တယ်ဆိုတဲ့ ပြောဆိုချက်နဲ့ပတ်သက်လို့ ပါတီပြောခွင့်ရသူ ဦးလှသိန်းကို RFA က ဆက်သွယ်ခဲ့ပေမဲ့ လတ်တလော "မအားသေးလို့ မဖြေနိုင်သေးဘူး" လို့ ပြန်လည်ပြောဆိုပါတယ်။
စစ်ကောင်စီရဲ့ မန္တလေးတိုင်းပြောခွင့်ရပုဂ္ဂိုလ် စီးပွားရေးဝန်ကြီးဦးသိန်းဌေးကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်တဲ့အခါမှာ လက်ခံဖြေကြားတာ မရှိပါဘူး။
အသတ်ခံရသူတွေရဲ့ မိသားစုတွေကို RFA က တိုက်ရိုက်ဆက်သွယ်မေးမြန်းစုံစမ်းလို့ မရသေးသလို၊ သူတိုရဲ့နာမည်တွေ အသက်တွေကို သိရှိထားပေမယ့် ကိုယ်ရေးလုံခြုံမှုဆိုင်ရာ လိုက်နာထိန်းသိမ်းရတဲ့ စည်းမျဉ်းစည်းကမ်းကြောင့် လောလောဆယ် ဖော်ပြနိုင်ခြင်း မရှိသေးပါဘူး။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ကနေ ၂၀၂၃ ခုနှစ် မတ်လ ၁၆ ရက်နေ့အထိ PDF အဖွဲ့တွေတိုက်ခိုက်လို့ သေဆုံးရသူ ၄,၆၄၅ ဦး ရှိတယ်လို့ ၂၀၂၃ ခုနှစ် ဧပြီလ ၉ ရက်နေ့က စစ်ကောင်စီရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
တစ်ဖက်မှာလည်း စစ်တပ်အာဏာသိမ်းပြီးနောက် အသတ်ခံရတဲ့ ဒီမိုကရေစီရေး လှုပ်ရှားသူတွေနဲ့ အရပ်သားပြည်သူ ၄,၂၅၄ ဦးအထိ ရှိပြီလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ဒီဇင်ဘာလ ၁၃ ရက်နေ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။