စစ်ကောင်စီကို ထောက်ပံ့မှုအားလုံးရပ်ဖို့ အိန္ဒိယကို JFM တောင်းဆို

RFA Burmese
2024.03.27
စစ်ကောင်စီကို ထောက်ပံ့မှုအားလုံးရပ်ဖို့ အိန္ဒိယကို JFM တောင်းဆို ၂၀၂၃ ခုနှစ် ဇူလိုင်လ ၁၆ ရက်နေ့က ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် အိန္ဒိယနိုင်ငံခြားရေး ဝန်ကြီး ဂျေရှန်းကားနှင့် စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေတို့ တွေ့ဆုံခဲ့ကြစဉ်။
Twitter@DrSJaishankar

အိန္ဒိယနိုင်ငံအနေနဲ့ မြန်မာစစ်ကောင်စီကို စစ်လက်နက်ရောင်းချနေတာ ပိတ်ပင်ရေးကို ချက်ခြင်းပြဋ္ဌာန်းဖို့နဲ့ စစ်ဘက်ဆိုင်ရာလေ့ကျင့်သင်တန်းတွေနဲ့ စစ်ရေးပံ့ပိုးမှုအားလုံး ရပ်ဆိုင်းဖို့ Justice for Myanmar(JFM) က မတ်လ ၂၇ က ထုတ်ပြန်တောင်းဆိုလိုက်ပါတယ်။

အိန္ဒိယအစိုးရပိုင်လုပ်ငန်းကြီးတွေနဲ့ အိန္ဒိယလေတပ်က စစ်ကောင်စီရဲ့ လေတပ်နဲ့ ရေတပ်အတွက် စက်ပစ္စည်းတွေ၊ စစ်ဘက်ဆိုင်ရာအဆောက်အအုံတွေကို ရောင်းချပေးနေတယ်လို့ JFM က ပြောပါတယ်။

အခုလို စစ်လက်နက်ပစ္စည်းတွေ ပံ့ပိုးကူညီနေတာဟာ နိုင်ငံတစ်ဝန်းက အကြမ်းဖက်စစ်ဆင်ရေးကို အားပေးကူညီနေတာဖြစ်ပြီး စစ်ကောင်စီက ကျူးလွန်နေတဲ့ စစ်ရာဇဝတ်မှုနဲ့လူသားမျိုးနွယ်အပေါ်ကျူးလွန်နေတဲ့ ရာဇဝတ်မှုတွေအတွက် အိန္ဒိယနိုင်ငံက ကြံရာပါအနေနဲ့ ပတ်သက်နေတာလို့ JFM က ပြောပါတယ်။

Justice for Myanmar (JFM) ရဲ့ စုံစမ်းလေ့လာမှုအရ အိန္ဒိယအစိုးရပိုင်လုပ်ငန်းကြီးတွေက အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာစစ်ကောင်စီနဲ့ စစ်ဘက်သုံးပစ္စည်း၊ နည်းပညာအစရှိတာတွေအတွက် စီးပွားရေးလုပ်ဆောင်ဖို့ ပြောကြားထားတာရှိနေပြီး အများစုဟာ အိန္ဒိယကာကွယ်ရေးဝန်ကြီးဌာနလက်အောက်မှာရှိနေတဲ့ လုပ်ငန်းတွေဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အိန္ဒိယအစိုးရပိုင်လုပ်ငန်းတစ်ခုဖြစ်တဲ့ Hindustan Aeronautics Limited (HAL) ကလည်း မြန်မာစစ်တပ်အတွက် တိုက်လေယာဉ် MiG အပိုပစ္စည်းတွေကို တင်ပို့ထားတယ်လို့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

JFM ရဲ့တောင်းဆိုချက်နဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံးကို မတ်လ ၂၇ ရက်နေ့ညပိုင်းမှာ RFA က ဆက်သွယ်မေးမြန်းရာမှာ အလုပ်ချိန်ပြင်ပ ဖြစ်တာကြောင့် တာဝန်ရှိသူတွေ မရှိကြောင်းနဲ့ နောက်ရက်မှ ပြန်လည်ဆက်သွယ်ဖို့ ပြောပါတယ်။

စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကိုလည်း RFA က မေးမြန်းဖို့ ဖုန်းဆက်ခဲ့ပေမဲ့ လက်ခံဖြေဆိုခြင်း မရှိပါဘူး။

အိန္ဒိယလေတပ်အနေနဲ့ ၂၀၂၄ ခုနှစ် ဇန်နဝါရီလမှာ စစ်ကောင်စီလေတပ်ကို ကုန်ပစ္စည်း ၅၂ မျိုးတင်ပို့ခဲ့ပြီး မိုးလေဝသအထိုင်စက်တွေပါဝင်ပြီး ၂၀၂၃ ခုနှစ်မှာ မိုးလေဝသဆိုင်ရာစက်ပစ္စည်းတွေတပ်ဆင်ဖို့အတွက် အိန္ဒိယလေတပ်က စစ်သည် ၁၅ ဦး စေလွှတ်ခဲ့တယ်လို့ JFM က ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။