တပ်မတော်ထောက်ခံပွဲ ကျင်းပမှာကို အဖွဲ့အစည်း ၂၀ ကျော် ကန့်ကွက်
2018.11.11

တောင်ကြီးတန်ဆောင်တိုင်ပွဲတော် ဖွင့်ပွဲကျင်းပမယ့် နိုဝင်ဘာ ၁၄ ရက်နေ့မှာ "အမျိုးသားလုံခြုံရေးလူမှုကွန်ယက် ဗဟို" က ဦးဆောင်ကျင်းပမယ့် တပ်မတော်ထောက်ခံပွဲကို ရှမ်းပြည်နယ်မှာရှိတဲ့ လူမှုရေးနဲ့ နိုင်ငံရေးအဖွဲ့အစည်း ၂၀ ကျော်က ကန့်ကွက်ကြောင်း ကြေညာချက်ထုတ်ပြန်ပါတယ်။
တန်ဆောင်တိုင်ပွဲတော် ဖွင့်ပွဲကျင်းပမယ့်နေ့မှာ လုံခြုံရေးထိခိုက်မှု ဖြစ်ပွားမှာကို စိုးရိမ်တယ်လို့ ရှမ်းပြည်နယ် နိုင်ငံရေးအဖွဲ့က ဦးတင်မောင်တိုးက ပြောပါတယ်။
အဲဒီတပ်မတော်ထောက်ခံပွဲကို ကန့်ကွက်တဲ့အကြောင်း ထုတ်ပြန်ချက်ကို ဦးတင်မောင်တိုးက ရှမ်းပြည်နယ် ဝန်ကြီးချုပ်လက်ထဲကို ကိုယ်တိုင်ပေးအပ်ခဲ့ပေမယ့် ဝန်ကြီးချုပ်ဆီကနေ တုံ့ပြန်မှုတစ်စုံတစ်ရာ မရခဲ့ဘူးလို့လည်း ပြောပါတယ်။
ရှမ်းပြည်နယ်ရဲ့ အထင်ကရဖြစ်တဲ့ တောင်ကြီး တန်ဆောင်တိုင်ပွဲတော်အတွင်း အများပြည်သူ အနှောင့် အယှက်ဖြစ်စေမယ့် လူစုလူဝေးခြင်းတွေ မလိုလားအပ်တဲ့ လုံခြုံရေးထိခိုက်မှုတွေ မဖြစ်စေဖို့အတွက် ချီတက်လှုံ့ဆော်ပွဲတွေကို ခွင့်မပြုသင့်ကြောင်း ကန့်ကွက်စာမှာ ဖော်ပြထားပါတယ်။
ကန့်ကွက်လက်မှတ်ရေးထိုးရာမှာ ရှမ်းပြည်နယ် နိုင်ငံရေးအဖွဲ့အပါအဝင် တရားဥပဒေစိုးမိုးရေးအဖွဲ့၊ တောင်သူ လယ်သမားများနဲ့ မြေယာလုပ်သားများ သမဂ္ဂ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့ စတဲ့ နိုင်ငံရေးနဲ့ လူမှုရေးအဖွဲ့တွေ ပါဝင်ပါတယ်။
အဲဒီကန့်ကွက်စာကို နိုင်ငံတော်သမ္မတနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုလည်း မနက်ဖြန် ပေးပို့မှာဖြစ်တယ်လို့ သိရပါတယ်။
တပ်မတော်ထောက်ခံပွဲကို ခွင့်ပြုပေး၊ မပေး ဆိုတာနဲ့ပတ်သက်လို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ကို RFA က ဆက်သွယ်မေးမြန်းပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။
ဒီသတင်းကို RFA သတင်းထောက် မဇာဏီထွဏ်း ပေးပို့တာပါ။