ငါန်းဇွန်မြို့နယ်မှာ လူ ရှစ်ဦး သတ်ဖြတ်ခံရ

RFA Burmese
2023.11.24
ငါန်းဇွန်မြို့နယ်မှာ လူ ရှစ်ဦး သတ်ဖြတ်ခံရ မန္တလေးတိုင်း၊ ငါန်းဇွန်မြို့တစ်နေရာကို တွေ့ရစဉ်။
Citizen Journalist

မန္တလေးတိုင်း ငါန်းဇွန်မြို့နယ် သံကုန်းကျေးရွာမှာ နိုဝင်ဘာ ၂၂ ရက်နေ့ ညက လူရှစ်ဦး သတ်ဖြတ်ခံလိုက်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတ်ဖြတ်ခံရသူတွေက သံကုန်းရွာသားတွေဖြစ်တဲ့ အသက် ၇၀ အရွယ် ဦးချစ်ဟန်၊ အသက် ၆၉ နှစ်အရွယ် ဒေါ်ဝင်း၊ အသက် ၂၉ နှစ်အရွယ် ကိုဗျိုင်းကြီး၊ အသက် ၃၇ နှစ်အရွယ် ကိုနန်းဝင်း ၊ အသက် ၂၃ နှစ်အရွယ် ကိုဝေအောင်၊ အသက် ၃၈ နှစ်အရွယ် ကိုပိုင်၊ အသက် ၁၈ နှစ်အရွယ် ကိုဖိုးချစ်နဲ့ အသက် ၃၆ နှစ်အရွယ် မမိကင်းတို့ ဖြစ်တယ်လို့ ပြောပါတယ်။

အဲဒီနေ့ညမှာ လူ ရှစ်ဦးက ရွာထဲကို ဆိုင်ကယ်နဲ့ ဝင်ရောက်ပြီး သေနတ်နဲ့ ပစ်သတ်ခဲ့တာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။

“၇ နာရီလောက်မှာ ပထမ ဦးချစ်ဟန်နဲ့ ဒေါ်ဝင်းတို့ လင်မယားရဲ့ အိမ်ကို ဝင်ပြီးတော့မှ လုပ်တယ်၊ နောက် မမိကင်းတို့က ကုန်စုံဆိုင်နဲ့ အရက်ဆိုင် တွဲဖွင့်ထားကြတာမှာ အသတ်ခံလိုက်ရတဲ့ ယောက်ျား ငါးယောက်က အရက်သောက်နေကြတာ။ အဲဒီအချိန်မှာ တစ်ဆက်တည်း ပစ်သွားကြတာပေါ့"

ဘယ်အဖွဲ့အစည်းက လုပ်တာလဲဆိုတာကို မသိရသေးဘဲ အဲဒီမှာ အခြေစိုက်တဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။ စစ်ကောင်စီရဲ့ ငါန်းဇွန်မြို့နယ်ရဲတပ်ဖွဲ့ကတော့ အမှုဖွင့် စစ်ဆေးနေတယ်လို့ ပြောပါတယ်။

အဲဒီမှာ ကာကွယ်ရေးအဖွဲ့တွေ ရှိပြီး ဘယ်အဖွဲ့ကလုပ်လဲဆိုတာ တိတိကျကျ မသိသေးဘူးလို့ ငါန်းဇွန်မြို့နယ် ပြည်သူ့ကာကွယ်ရေး (ပကဖ) အဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

“အသတ်ခံရတာ ဟုတ်တယ်၊ ဒါပေမဲ့ ဘယ်အဖွဲ့က လုပ်တယ်ဆိုတာမျိုး အခုထိ တိတိကျကျ ကာကွယ်ရေးအဖွဲ့တွေဘက်ကလည်း ထုတ်ပြန်လာတာမျိုး မရှိသေးဘူး၊ ငါန်းဇွန်မြို့နယ်ထဲမှာ ကာကွယ်ရေးအဖွဲ့တွေ များစွာရှိတာဆိုတော့ မလုပ်ပါဘူးလို့ ပြောဖို့အတွက်ကျတော့လည်း ခက်တယ်ဗျ၊"

အသတ်ခံလိုက်ရတဲ့ အမျိုးသား ခြောက်ဦးနဲ့ အမျိုးသမီး နှစ်ဦးကို ညတွင်းချင်း ငါန်းဇွန်က နာရေးအသင်းကားနဲ့ သယ်ဆောင်သွားပြီး အားလုံးကို သဂြိုဟ်ပြီးပြီလို့ ပြောပါတယ်။

အဲဒီမှာ အသတ်ခံလိုက်ရသူတွေထဲက မမိကင်းဟာ ကျေးရွာအုပ်ချုပ်ရေးမှူးဟောင်းနဲ့ ခယ်မတော်စပ်သူဖြစ်ပြီး ဦးချစ်ဟန်နှင့် ဒေါ်ဝင်း လင်မယားကတော့ ငွေတိုးပေးတဲ့အလုပ်ကို လုပ်ပါတယ်။ အခြားသူတွေက ပန်းရန်အလုပ် လုပ်ကိုင်သူတွေလို့ ပြောပါတယ်။

စစ်ကောင်စီရဲ့ သတင်းတွေကို ဖော်ပြနေတဲ့ တယ်လီဂရမ်ချန်နယ်တွေမှာတော့ အဲဒီနေ့ သံကုန်းကျေးရွာကို ဆိုင်ကယ်နဲ့ လာတဲ့ PDF ရှစ်ဦးက ကုန်စုံဆိုင်မှာ ဝိုင်းဖွဲ့ အရက်သောက်နေတဲ့ လူငါးဦးကို သတ်ဖြတ်ပြီး ကုန်စုံဆိုင်ပိုင်ရှင် အသက် ၇၀ အရွယ် လင်မယားနှစ်ဦးကိုပါ ထပ်မံသတ်ဖြတ်ကာ ရွှေ၊ ငွေတွေကို လုယက်ယူဆောင်သွားတယ်လို့ ရေးသားထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။