ငါန်းဇွန်မှာ ဆေးဝါးမလုံလောက်လို့ သေဆုံးရတဲ့ စစ်ဘေးဒုက္ခသည် နှစ်ဆယ်နီးပါးရှိလာ
2024.12.12

မန္တလေးတိုင်း ငါန်းဇွန်မြို့နယ်ထဲမှာ ဒေသခံတွေ စစ်ဘေးတိမ်းရှောင်နေရပြီး ဖျားနာနေချိန် ကုသဖို့ ဆေးဝါးမလုံလောက်တာကြောင့် သေဆုံးရသူဟာ နှစ်ဆယ်နီးပါး ရှိလာပြီလို့ စစ်ဘေးဒုက္ခသည်အရေး ကူညီပေးနေသူတွေက ဒီဇင်ဘာလ ၁၂ ရက်မှာ ပြောပါတယ်။
အောက်တိုဘာလ တတိယအပတ်ကနေ ဒီနေ့အထိ နှစ်လနီးပါးအတွင်းမှာ သေဆုံးခဲ့တာဖြစ်ပြီး ဖျားနာနေသူတွေ ဆက်ပြီးရှိနေသေးတယ်လို့ စစ်ဘေးဒုက္ခသည်အရေး ကူညီပေးနေသူတစ်ဦးက RFA ကို ပြောပါတယ်။
“တောတွေထဲမှာ ဖြစ်သလို နေ နေရတာဆိုတော့။ အဝတ်အစားနဲ့ စောင်တွေကလည်း လုံလုံလောက်လောက် မပါဘူးလေ။ အခုရာသီကလည်း အအေးမိတာ၊ ဖျားနာတာတွေလည်း ခဏ ခဏ အဖြစ်များနေတယ်။ ဆေးဝါးကလည်း မရှိဘူး။ ဆေးမြီးတိုတွေနဲ့ပဲကုနေရတာ။ ၁ နှစ်အရွယ် ကလေးတစ်ဦးအပါအဝင် ၁၈ ယောက်လောက်ရှိပြီ။ ဖျားပြီး ဆုံးတာ”
လက်ရှိမှာ ငါန်းမြာကြီး၊ မြေနီ၊ ကုန်းလည်၊ မိုးတောင် စတဲ့ရွာတွေ အပါအဝင် ရွာ ဆယ်ရွာခန့်က ဒေသခံတစ်ထောင်ကျော် ဘေးလွတ်ရာမှာ တိမ်းရှောင်နေရတယ်လို့ သူက ပြောပါတယ်။
အောက်တိုဘာလ ၂၁ ရက်နေ့က ကာကွယ်ရေးအဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ငါန်းမြာကြီးရွာကို စစ်ကောင်စီတပ် စစ်ကြောင်းက ဝင်ရောက်စီနင်းခဲ့ပြီး အနီးအနားက ရွာတွေကိုပါ စစ်ကြောင်းထိုးတာနဲ့ ဗုံးကြဲတိုက်ခိုက်တာတွေ လုပ်ခဲ့ချိန်ကစလို့ ဒေသခံတွေ ထွက်ပြေးခဲ့ရတာလို့ ဆိုပါတယ်။
ငါန်းမြာကြီးရွာကို စစ်ကောင်စီတပ်က ဒီနေ့အထိ ထိန်းချုပ်ထားပြီး အနီးအနားက ရွာတွေမှာ တပ်ဖြန့်ချထားတာကြောင့် တိမ်းရှောင်နေရသူတွေ နေရပ်ကို မပြန်ရဲသေးတာလို့ ဒေသခံတွေက ပြောပါတယ်။
ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ မန္တလေးတိုင်း ပြောရေးဆိုခွင့်ရှိသူ တိုင်းစီးပွားရေးဝန်ကြီး ဦးသိန်းဌေးကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။
မန္တလေးတိုင်း နွားထိုးကြီး၊ မြင်းခြံ၊ တောင်သာနဲ့ ငါန်းဇွန်မြို့နယ်တွေမှာ ဒီဇင်ဘာလ ၁ ရက်နေ့ကနေ ၁၀ ရက်နေ့အထိ စစ်ကောင်စီတပ်ရဲ့ ဗုံးကြဲတိုက်ခိုက်တာနဲ့ လက်နက်ကြီးကြောင့် သေဆုံးသူ ၁၉ ဦးအထိ ရှိလာပြီလို့လည်း ဒေသခံတွေက ပြောပါတယ်။