မြင်းခြံခရိုင်နဲ့ ငါန်းဇွန်မှာ လေကြောင်းနဲ့ လက်နက်ကြီးကြောင့် သေဆုံးသူ ၁၉ ဦးအထိရှိလာ
2024.12.10

မန္တလေးတိုင်း၊ မြင်းခြံခရိုင်ထဲက နွားထိုးကြီး၊ မြင်းခြံ၊ တောင်သာနဲ့ ငါန်းဇွန်မြို့နယ်တွေမှာ ဒီဇင်ဘာလ ၁ ရက်နေ့ကနေ ၁၀ ရက်နေ့အထိ စစ်ကောင်စီတပ်ရဲ့ ဗုံးကြဲတိုက်ခိုက်တာနဲ့ လက်နက်ကြီးကြောင့် သေဆုံးသူ ၁၉ ဦးအထိ ရှိလာပြီလို့ ဒေသခံတွေက RFA ကို ဒီဇင်ဘာလ ၁၁ ရက်မှာ ပြောပါတယ်။
ဒီဇင်ဘာလ ၁၀ ရက် မနေ့က တောင်သာမြို့နယ်၊ မိုးနှောင်းခင်းရွာကို စစ်ကောင်စီတပ်ရဲ့ ဂျက်တိုက်လေယာဉ်နဲ့ ဗုံးနှစ်လုံး ကြဲချတိုက်ခိုက်တာကြောင့် အမျိုးသမီး တစ်ဦး သေဆုံးပြီး ငါးဦး ထိခိုက်သွားတယ်လို့ တောင်သာ ဒေသခံတွေက ပြောပါတယ်။
သေဆုံးသူဟာ အသက် ၅၀ ကျော်အရွယ် အမျိုးသမီးဖြစ်ပြီး ဗုံးထိမှန်တာကြောင့် ဝမ်းဗိုက်ပွင့်ထွက် ဒဏ်ရာနဲ့ သေဆုံးသွားတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ တောင်သာ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“အမျိုးသမီးတစ်ဦးက ဗိုက်ပွင့်ပြီး ပွဲချင်းပြီး သေသွားတယ်။ နောက်ထပ် အမျိုးသားတစ်ဦးက လက်ပြတ်သွားတယ်။ ကျန်တဲ့လေးဦးကတော့ ဆေးကုသမှုခံယူနေရတယ်။ အိမ် ဆယ်လုံး ပျက်စီးသွားတယ်”
အဲဒီရွာမှာ ကာကွယ်ရေးတပ်အခြေစိုက်တာမရှိဘဲ စစ်ကောင်စီတပ်က အကြောင်းမဲ့ ဗုံးကြဲတိုက်ခိုက်တာလို့လည်း တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက RFA ကို ပြောပါတယ်။
မိုးနှောင်းခင်းရွာ ဗုံးကြဲတိုက်ခိုက်မှုဖြစ်ပြီးနောက် ရွာမှာနေထိုင်သူတချို့ ဘေးလွတ်ရာကို ထွက်ပြေးနေရတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
ဒီဖြစ်ရပ်အပြင် ဒီဇင်ဘာလ ပထမပတ်အတွင်းမှာပဲ စစ်ကောင်စီတပ်ရဲ့ တိုက်ခိုက်မှုကြောင့် နွားထိုးကြီးမြို့နယ်မှာ အရပ်သား ၁၁ ဦး၊ မြင်းခြံမြို့နယ်မှာ အရပ်သား သုံးဦးနဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင် နှစ်ဦး၊ ငါန်းဇွန်မြို့နယ်မှာ ကာကွယ်ရေးတပ်ဖွဲ့ဝင် နှစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေနဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။
တစ်ချိန်တည်းမှာပဲ စစ်ကောင်စီတပ်က မန္တလေးတိုင်း၊ မတ္တရာမြို့နယ်ထဲက ကာကွယ်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ တရုတ်စီမံကိန်းတွေနဲ့ ရွာတွေကိုဘက်ကိုလည်း ပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ ဆိုပါတယ်။
ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ မန္တလေးတိုင်းပြောခွင့်ရသူ တိုင်းစီးပွားရေးဝန်ကြီး ဦးသိန်းဌေးကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ပေမဲ့ လက်ခံဖြေကြားတာမရှိပါဘူး။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးသင်း (AAPP) ရဲ့ ဒီဇင်ဘာလ ၁၀ ရက်နေ့အထိ စာရင်းတွေအရ အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်နဲ့ လက်အောက်ခံအဖွဲ့အစည်းတွေကြောင့် ဒီမိုကရေစီအရေး လှုပ်ရှားသူတွေနဲ့ ပြည်သူ စုစုပေါင်း ခြောက်ထောင်ကျော် (၆၀၃၅ ဦး) သေဆုံးခဲ့ပါတယ်။