ခေါင်းဆောင်တွေ အလုပ်ပြန်ခန့်ဖို့ Next Star စက်ရုံလုပ်သားတွေ ဆန္ဒပြ
2016.08.03

ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာစက်မှုဇုန် ၁ မှာရှိတဲ့ Next Star အထည်ချုပ်စက်ရုံမှာ တစ်ရက်လုပ်အားခ ကျပ် ၃၆၀၀ တိုးပေးဖို့ တောင်းဆိုမှုကြောင့် အလုပ်ထုတ်ခံရတဲ့ အလုပ်သမားခေါင်းဆောင် ၃ ဦးကို အလုပ်ပြန်ခန့်ပေးဖို့ အလုပ်သမား တစ်ရာနီးပါးက ဆန္ဒပြတောင်းဆိုနေပါတယ်။
အလုပ်သမားခေါင်းဆောင်တွေ အလုပ်ပြန်မခန့်ပေးဘူးဆိုရင် လုပ်ငန်းခွင်ထဲ ဝင်မှာမဟုတ်ဘူးလို့ ဆန္ဒပြအလုပ် သမား မစိုးမိုးအေးက ပြောပါတယ်။
"အလုပ်သမားခေါင်းဆောင်ကို သူတို့က အပြစ်မရှိဘဲနဲ့ ထုတ်လိုက်တယ်၊ ၃၆ဝဝ တောင်းတဲ့ကိစ္စကို မပြေလည် လို့ သူတို့ကထုတ်လိုက်တာ၊ အဲ့ဒီအတွက် အလုပ်သမား ၈ဝ ကျော်က အလုပ်သမားခေါင်းဆောင် ၃ ယောက် စလုံး ပြန်မပါရင် မဝင်တော့ဘူးဆိုပြီး ဒီအတိုင်းအပြင်မှာပဲနေတယ်"
အဲ့ဒီစက်ရုံဟာ တရုတ်နိုင်ငံသားပိုင်စက်ရုံဖြစ်ပြီး အရင်က အထည်ချုပ်နိုင်သလောက် ငွေပေးတဲ့စနစ် ကျင့်သုံးလာ တာကြောင့် အလုပ်သမားခေါင်းဆောင်တချို့က ပြီးခဲ့တဲ့ဇူလိုင်လကစပြီး တစ်ရက် ကျပ် ၃၆၀၀ နှုန်းနဲ့ လစာပေးဖို့ တောင်းဆိုခဲ့ကြတာဖြစ်ပါတယ်။
အဲ့ဒီလိုတောင်းဆိုခဲ့တာကြောင့် အလုပ်ရှင်က တစ်ရက် ၃၆၀၀ နှုန်းနဲ့ ပေးဖို့ သဘောတူပေမယ့် အလုပ် သမားခေါင်းဆောင် ၃ ဦးကို အလုပ်ထုတ်လိုက်တယ်လို့ ဆန္ဒပြသူတွေက ပြောပါတယ်။
အဲဒီစက်ရုံမှာ အလုပ်သမား ၄၀၀ လောက်ရှိပြီး တစ်ရာနီးပါးဟာ စက်ရုံရှေ့မှာ ဆန္ဒပြနေတာ တစ်ပတ်လောက် ရှိနေပြီဖြစ်ပါတယ်။
အလားတူ ရွှေလင်ပန်းစက်မှုဇုန်မှာရှိတဲ့ ဟိုလီမြန်မာအထည်ချုပ်စက်ရုံမှာလည်း အလုပ်သမား နှစ်ရာကျော်က လုပ်သက်နှစ်အလိုက် လစာ တိုးပေးဖို့ ဆန္ဒပြတောင်းဆိုနေပါတယ်။
လုပ်သက် ၆ လရှိသူကို ကျပ် ၃ထောင်၊ တစ်နှစ်ရှိသူကို ကျပ် ၁သောင်းနဲ့ တစ်နှစ်ထပ်တိုးတိုင်း ကျပ် တစ်သောင်း တိုးပေးဖို့ တောင်းဆိုနေတာဖြစ်ပါတယ်။ အလုပ်ရှင်ဘက်က တစ်နှစ် လုပ်သက်ရှိသူကို ကျပ် ၃ထောင်သာ တိုးပေးမယ်ဆိုတာကြောင့် ပြေလည်မှုမရရှိသေးဘဲ စက်ရုံဝင်းထဲမှာ ဆန္ဒပြနေတာ တပတ်လောက်ရှိနေပြီလို့ ဆန္ဒပြအလုပ်သမားတွေက ပြောပါတယ်။