ဝန်ကြီးဌာနတစ်ခု တိုးမည်
2016.05.04

နိုင်ငံတော်သမ္မတ ဦးထင်ကျော် က ဝန်ကြီးဌာနအသစ်တစ်ခု ထပ်တိုးဖွဲ့စည်းဖို့အတွက် မနက်ဖြန် မေလ ၅ ရက်နေ့ မှာ ပြည်ထောင်စုလွှတ်တော်ထံ တင်ပြပြီး လွှတ်တော်ရဲ့အဆုံးအဖြတ်ကို တောင်းခံမှာဖြစ်ပါတယ်။
လွှတ်တော်ကိုယ်စားလှယ်တွေကို ဖြန့်ဝေထားတဲ့ အစည်းအဝေးအစီအစဉ်မှာ ဝန်ကြီးဌာနအသစ် တစ်ခုဖွဲ့စည်းမယ် လို့သာပါရှိပြီး ဖွဲ့စည်းမယ့်ဝန်ကြီးဌာနရဲ့ အမည်ကိုဖော်ပြထားတာမရှိဘူးလို့ မကွေးတိုင်းဒေသကြီး အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးပြူးလွင်က ပြောပါတယ်။
"မနက်ဖြန် အမျိုးသားရော ပြည်ထောင်စုရောရှိတယ်၊ ပြည်ထောင်စုမှာက ဝန်ကြီးဌာနတစ်ခု ထပ်မံဖွဲ့စည်းရန် ကိစ္စ ပြည်ထောင်စုနာယက က လွှတ်တော်ကို တင်ပြဆွေးနွေးပါမယ်၊ အဲ့အခါကျမှ ကျနောတို့တွေက အတည်ပြု ရမှာပဲရှိတယ်၊ ဘာဝန်ကြီးဆိုတာတော့ မသိရသေးဘူး"
အသစ်ထပ်တိုးဖွဲ့စည်းမယ့် ဝန်ကြီးဌာနဟာ ဒေါ်အောင်ဆန်းစုကြည် ဆောင်ရွက်နေတဲ့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်တာဝန်အတွက် နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ရုံးဝန်ကြီးဌာနဖြစ်နိုင်တယ်ဆိုပြီးလည်း သတင်းတွေထွက်နေ ပါတယ်။
မနက်ဖြန်ကျင်းပမယ့် ပြည်ထောင်စုလွှတ်တော်မှာ ဝန်ကြီးဌာနအသစ်တစ်ခု ထပ်တိုးဖွဲ့စည်းတာအပြင် ခန့်အပ်ပြီးဖြစ် တဲ့ ရာထူးဝန်အဖွဲ့ဝင်တွေ၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်တွေ၊ ဒုဝန်ကြီးတွေ၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဥက္ကဌတွေ ရဲ့ အမည်စာရင်းတွေကို လွှတ်တော်ရဲ့ အတည်ပြုချက်ရယူသွားမှာ ဖြစ်ပါတယ်။
လက်ရှိမှာ နိုင်ငံတော်သမ္မတ ဦးထင်ကျော်ဟာ ဝန်ကြီးဌာန ၂၁ ခု အတွက် ဝန်ကြီးအယောက်၂၀ နဲ့ ဒုဝန်ကြီး ၅ ဦး ခန့့်အပ်ထားပြီးဖြစ်ပါတယ်။