ဝန်ကြီးဌာန ၂၁ ခု ထားရှိရေး လွှတ်တော်ကိုယ်စား လှယ်တွေ ထောက်ခံဆွေးနွေး
2016.03.18

နိုင်ငံတော်သမ္မတ ဦးထင်ကျော် တင်သွင်းထားတဲ့ ပြည်ထောင်စုဝန်ကြီးဌာန ၂၁ ခုနဲ့ ဝန်ကြီးအရေအတွက် ၁၈ ဦးကို လွှတ်တော်ကိုယ်စားလှယ် ၅ ဦးက ဒီနေ့ ပြည်ထောင်စုလွှတ်တော်မှာ ထောက်ခံဆွေးနွေးကြပါတယ်။
ရခိုင်အမျိုးသားပါတီက ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဘရှိန်က ဘယ်ဝန်ကြီးဌာနတွေကို လျှော့ချလိုက်တယ် ဆိုတာနဲ့ ဘယ်ဝန်ကြီးဌာနတွေအောက် ရောက်သွားသလဲဆိုတာကို အများပြည်သူကို ချပြပေးဖို့ လိုအပ်ကြောင်း ဆွေးနွေးခဲ့ပါတယ်။
"ရွေးကောက်ခံ နိုင်ငံတော်သမ္မတက ဝန်ကြီးဌာနတွေ အရေအတွက်ကို တင်ပြတဲ့အခါ ဝန်ကြီး ဌာနတွေ လျော့ သွားတဲ့အတွက်ကြောင့် အသုံးစရိတ်တွေ လျော့လာမယ်ဆိုတာတော့ ဟုတ်ပါတယ်၊ ပေါင်းလိုက်တဲ့ ဝန်ကြီး ဌာနတွေမှာ၊ ကျနော်တို့ နာမည်ဖတ်လို့မရတဲ့ ဝန်ကြီးဌာနတွေရှိတယ်၊ သမဝါယမဝန်ကြီးဌာန၊ သိပ္ပံနဲ့ နည်းပညာ ဝန်ကြီးဌာန၊ အားကစားဝန်ကြီးဌာန စသည်ဖြင့်ပေါ့ ဝန်ကြီးဌာန ၄ ခုလောက် နာမည်ဖတ်လို့မရတော့၊ ဒီဝန်ကြီး ဌာနတွေကလည်း ပေါင်းစပ်တဲ့အထဲမှာလည်း ပါသွားပြီဆိုတာ ကျနော်တို့သိပါတယ်၊ ဘယ်လိုပါတယ်ဆိုတာကို ကျနော်တို့ စနစ်တကျသိအောင် ကျနော်တို့ လွှတ်တော်ကိုယ်စားလှယ်တွေ သိရုံမကဘဲနဲ့ နိုင်ငံတဝှမ်းလုံးမှာရှိတဲ့ ဒီအကြောင်းအချင်းအရာတွေကို စိတ်ပါဝင်စားနေကြတဲ့ ပြည်သူတွေလည်း သိဖို့လိုမယ်လို့ အကြံပြုချင်ပါတယ်"
လွှတ်တော်ကိုယ်စားလှယ်တွေက ဝန်ကြီးဌာနတွေကို လျော့ချလိုက်တဲ့အတွက် အစိုးရဘဏ္ဍာငွေ ပိုထွက်လာမှာဖြစ် ပြီး လိုအပ်တဲ့နေရာတွေမှာ ပိုပြီးသုံးစွဲနိုင်မှာဖြစ်ကြောင်းနဲ့ ဌာနဆိုင်ရာလုပ်ငန်းတွေ ပိုမိုမြန်ဆန်လာ မှာဖြစ်ကြောင်း ဆွေးနွေးခဲ့ပါတယ်။
ဝန်ကြီးဌာနစာရင်းထဲမှာ မပါရှိတော့တဲ့ သမဝါယမဝန်ကြီးဌာနကို စိုက်ပျိုးရေး မွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာန လက်အောက်မှာ ဆက်လက်ထားရှိဖို့လည်း အကြံပြုဆွေးနွေးခဲ့ကြပါတယ်။
ဒါ့အပြင် အရင်က မရှိခဲ့တဲ့ တိုင်းရင်းသားရေးရာဝန်ကြီးဌာန ဖွဲ့စည်းထားရှိမှာကိုလည်း ထောက်ခံကြပါတယ်။
အန်အယ်လ်ဒီပါတီက ကိုယ်စားလှယ် ၃ ဦး၊ တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးပါတီက ကိုယ်စားလှယ် ၁ ဦးနဲ့ ရခိုင်အမျိုးသားပါတီက ကိုယ်စားလှယ် ၁ ဦး စုစုပေါင်း ၅ ဦး ပါဝင်ဆွေးနွေးခဲ့တာဖြစ်ပြီး တပ်မတော်သား ကိုယ်စားလှယ်တွေ၊ ကြံ့ခိုင်ဖံ့ွဖြိုးရေးပါတီနဲ့ တခြားတိုင်းရင်းသားပါတီတွေက ပါဝင်ဆွေးနွေးခြင်းမရှိပါဘူး။
လာမယ့် မတ်လ ၂၁ရက်နေ့မှာ နိုင်ငံတော်သမ္မတ ဦးထင်ကျော်က ဝန်ကြီးဌာန ၂၁ ခု ဖွဲ့စည်းထားရှိမယ့် အစီအစဉ်ကို ပြည်ထောင်စုလွှတ်တော်မှာ ရှင်းလင်းတင်ပြပြီး လွှတ်တော်ရဲ့ အတည်ပြုချက် ရယူမှာဖြစ်တယ်လို့ လွှတ်တော် နာယက ဦးမန်းဝင်းခိုင်သန်းက ကြေညာခဲ့ပါတယ်။