ကောလင်းမြို့ လွှတ်တော်အမတ်ရဲ့ အစ်ကိုအိမ် ချိတ်ပိတ်ခံရ

စစ်ကိုင်းတိုင်း ကောလင်းမြို့က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမျိုးဇော်အောင်ရဲ့အစ်ကိုဖြစ်သူ ရဲ့အိမ်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ချိတ်ပိတ်လိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီဇင်ဘာ ၃၀ ရက်က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ကျန်းမာရေးမကောင်းတဲ့ ဖခင်ဖြစ်သူကို အိမ်ပြင် ထွက်ခိုင်းပြီး အိမ်ကိုချိတ်ပိတ်လိုက်တာလို့ အမည်မဖော်လိုတဲ့ ဒေသခံတစ်ယောက်က ပြောပါတယ်။
"ဒီဇင်ဘာ ၃၀ က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးမျိုးဇော်အောင်ရဲ့အစ်ကို ဦးစိုးလင်းအောင်ရဲ့အိမ် ချိတ်ပိတ်ခံရပြီး နေမကောင်းလို့ ဆေးကုနေရတဲ့ သူ့အဖေကို အပြင်ထွက်ခိုင်းပြီး ချိတ်ပိတ်လိုက်တယ်"
လွှတ်တော်အမတ်ဟောင်းအစ်ကိုရဲ့အိမ်ကို ဘာကြောင့် ချိတ်ပိတ်ခံလိုက်ရတယ်ဆိုတာ သေချာမသိရ သေးပါဘူး။
ဦးမျိုးဇော်အောင်ဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီကနေ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ လွှတ်တော်ကိုယ်စားလှယ်ဖြစ်ပါတယ်။
ဒါ့အပြင် ဇန်နဝါရီ ၂ ရက်နဲ့ ၃ ရက်ကလည်း ကောလင်းမြို့ပေါ်က ဆန်စက်ပိုင်ရှင်တွေ၊ စပါးပွဲစားတွေ၊ တခြား စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ သူတို့ရဲ့မိသားစုဝင် အယောက် ၃၀ ကျော်တို့လည်း ကောလင်းရဲစခန်းမှာ အဖမ်း ခံထားရတယ်လို့ အဲဒီဒေသခံက ပြောပါတယ်။
ဘာကြောင့်ဖမ်းတယ်ဆိုတာ မသိရသေးသလို သူတို့ပြန်လွတ်လာဖို့ တစ်ယောက်ကို ကျပ် သိန်း ၅၀ နဲ့ ၆၀ အထိ တောင်းတယ်ဆိုပြီး ကြားတယ်လို့လည်း ပြောပါတယ်။
ဒီဖြစ်စဉ်ကို RFA က သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီပြန်ကြားရေး ဒု-ဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်းကို ဆက်သွယ်မေးမြန်းဖို့ RFA က ကြိုးစားနေပါတယ်။
ကောလင်းမြို့မှာ ပြီးခဲ့တဲ့နှစ် ဇူလိုင်လက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ဒေသခုခံကာကွယ်ရေးတပ်ဖွဲ့ PDF တွေရဲ့ မိုင်းဆွဲ တိုက်ခိုက်ခံခဲ့ရလို့ အင်တာနက်လိုင်း၊ ဖုန်းလိုင်းတွေ ဖြတ်တောက်ခံထားရတဲ့မြို့ ဖြစ်ပါတယ်။
လက်ရှိမှာလည်း ကောလင်းတစ်မြို့လုံးကို ခမရ ၁၂၀ တပ်က လုံခြုံရေးယူထားပြီး စစ်ဆေးရေးတွေ တင်းကျပ် ထားတယ်လို့ ပြောပါတယ်။