မန္တလေး၊ ဧရာဝတီ အစိုးရအဖွဲ့ စာရင်းများ ဒီလ ၂၄ ရက်နေ့ တင်သွင်းမည်


2016.03.21
mdy-parliament-620.jpg ဒုတိယအကြိမ် မန္တလေးတိုင်းဒေသကြီး လွှတ်တော်အစည်းအဝေး ကျင်းပနေစဉ်
Photo: RFA

လာမယ့် မတ်လ ၂၄ ရက်နေ့မှာ ကျင်းပမယ့် မန္တလေးနဲ့ ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးတွေမှာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နဲ့ ဝန်ကြီးအဖွဲ့အမည်စာရင်းတွေကို တင်သွင်းမှာဖြစ်တယ်လို့ တိုင်းလွှတ်တော်ဥက္ကဌတွေ က ပြောပါတယ်။

မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်နဲ့ ဝန်ကြီးအဖွဲ့အမည်စာရင်း တင်သွင်းဖို့နဲ့ ကျမ်းသစ္စာကျိန်ဆိုဖို့အတွက် တိုင်းဒေ သကြီးလွှတ်တော် အစည်းအဝေးကို လာမယ့် မတ်လ ၂၄ ရက်နေ့ နဲ့ ၂၅ ရက်နေ့မှာ ကျင်းပမှာဖြစ်တယ်လို့ တိုင်းလွှတ်တော် ဥက္ကဌ ဦးအောင်ကျော်ဦး က ပြောပါတယ်။

"နေပြည်တော်မှာ အစည်းအဝေးလုပ်နေကြတယ်၊ ဝန်ကြီးအဖွဲ့တွေထွက်ပြီးရင် ဝန်ကြီးချုပ်စာရင်းတွေ ထွက်လိမ့် မယ်၊ ဝန်ကြီးချုပ် ထွက်ပြီးတဲ့အခါကျမှ ဝန်ကြီးချုပ်က ပြည်နယ်နဲ့ တိုင်းဝန်ကြီးတွေကို စာရင်းတင်ရမှာပေါ့နော်၊ စာရင်းတင်တဲ့အခါကျမှ နိုင်ငံတော်သမ္မတကနေ ခန့်ပြီးတဲ့အခါကျမှ ကျနော်တို့ဆီမှာ တိုင်းအနေနဲ့က တရား ဝင်ဖြစ်မှာ၊ ကျနော်တို့က ၂၄၊ ၂၅ မှာတော့ ကျမ်းကျိန်ဖို့အတွက် တိုင်းလွှတ်တော်ကျင်းပဖို့ ခေါ်ထားပါတယ်၊ ကျမ်းကျိန်ပြီးမှ ၁ ရက် ၄ လမှာ ကျနော်တို့ အာဏာလွှဲပြောင်းဖြစ်မှာ အဲ့ဒါအရန်သင့်ဖြစ်အောင်ပါ"

အလားတူ မတ်လ ၂၄ နေ့မှာ ဧရာဝတီတိုင်းဝန်ကြီးချုပ်နဲ့ ဝန်ကြီးအဖွဲ့စာရင်းတွေကို ဧရာဝတီတိုင်းလွှတ်တော်ထံ တင်သွင်းမှာဖြစ်ပြီး တိုင်းအစိုးရအဖွဲ့သစ်ဟာ မတ်လကုန်မှာ ကျမ်းသစ္စာကျိန်ဆိုသွားမှာဖြစ်တယ်လို့ ဧရာဝတီတိုင်း လွှတ်တော် ဒုတိယဥက္ကဌ ဦးစံမင်းအောင် က အတည်ပြုပြောပါတယ်။

ကျန်တဲ့တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေရဲ့ ဝန်ကြီးချုပ်နဲ့ ဝန်ကြီးအဖွဲ့စာရင်း တင်သွင်းမယ့်ရက် အတိအကျကို မသိရသေးပါဘူး။

လက်ရှိ တိုင်းဒေသကြီး/ပြည်နယ်တွေမှာ အစိုးရအဖွဲ့ကို ဝန်ကြီးချုပ် အပါအဝင် ၁၀ ဦးစီနဲ့ ဖွဲ့စည်းတာဝန်ပေးထား တာဖြစ်ပါတယ်။

တိုင်း/ပြည်နယ် ဝန်ကြီးချုပ်တွေကို အန်အယ်ဒီပါတီ လွှတ်တော်ကိုယ်စားလှယ်တွေထဲကသာ ခန့်အပ်သွား မှာဖြစ်ကြောင်း ပါတီခေါင်းဆောင်တွေက ပြောကြားထားပြီး မန္တလေးတိုင်းဝန်ကြီးချုပ်အဖြစ် ဒေါက်တာဇော်မြင့်မောင် ၊ ရခိုင်ပြည်နယ် ဝန်ကြီးချုပ်အဖြစ် ဦးညီပု၊ စစ်ကိုင်းတိုင်းဝန်ကြီးချုပ်အဖြစ် ဒေါက်တာမြင့်နိုင်၊ ကရင်ပြည်နယ် ဝန်ကြီးချုပ်အဖြစ် ဒေါ်နန်းခင်ထွေးမြင့် ၊ မကွေးတိုင်းဝန်ကြီးချုပ်အဖြစ် ဒေါက်တာအောင်မိုးညို တို့ကို လျာထားကြောင်း သတင်းတွေထွက်ပေါ်နေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။