မြန်မာသမ္မတသစ်ကို အဝေးရောက် တိဘက်လွှတ်တော် ဂုဏ်ပြု

မြန်မာနိုင်ငံရဲ့ နှစ်ငါးဆယ်ကျော်အတွင်း ပထမအကြိမ်ပေါ်ပေါက်လာခဲ့တဲ့ အရပ်သားအစိုးရသစ်မှာ နိုင်ငံတော် သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံခဲ့ရတဲ့ ဦးထင်ကျော် ကို ချီးကျူးဂုဏ်ပြုကြောင်း အဝေးရောက် တိဘက် လွှတ်တော်က စနေနေ့ နေ့စွဲနဲ့ သဝဏ်လွှာပေးပို့ခဲ့ပါတယ်။
ပြည်ထောင်စု မြန်မာနိုင်ငံတော်ရဲ့ သမ္မတအဖြစ် တင်မြှောက်ခံခဲ့ရတဲ့ အဆွေတော် ကို တိဘက်ဒေသတွင်းနဲ့ အဝေးရောက် တိဘက်ပြည်သူတွေအားလုံး ရဲ့ကိုယ်စားအဝေးရောက် တိဘက်လွှတ်တော်က ဝမ်းမြောက် ဝမ်းသာ ဂုဏ်ပြုအပ်ပါကြောင်း၊ အဆွေတော်ရဲ့ ဦးဆောင်မှုနဲ့ ဒေါ်အောင်ဆန်းစုကြည် ရဲ့လမ်းညွှန်မှုအောက် မှာ မြန်မာနိုင်ငံဟာ သမိုင်းမျက်နှာစာသစ်ကို ဖွင့်လှစ်လိုက်ပြီး၊ ငြိမ်းချမ်းသာယာဝပြော လာမယ်ဆိုတာ အသေ အချာ ယုံကြည်ထားပါကြောင်း၊ တိဘက်လွှတ်တော် ဒုတိယဥက္ကဌ ခင်ပိုဆိုနမ် ( Khenpo Sonam ) ပေးပို့တဲ့ သဝဏ်လွှာမှာ ဖေါ်ပြထားပါတယ်။
ဒီအတွင်း တရုတ် နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ ဟာ ဧပြီလ ၅ ရက်ကနေ ၆ ရက် အထိ မြန်မာနိုင်ငံကို လာရောက်မယ်လို့ တရုတ် နိုင်ငံခြားရေးဝန်ကြီး ဌာန ပြောခွင့်ရသူက မနေ့က သတင်းထုတ်ပြန်ကြောင်း ဆင်ဝှာသတင်းက ဖေါ်ပြပါတယ်။
မြန်မာနိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဖိတ်ကြားချက်အရ လာရောက်မှာဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။