နိုင်ငံရေးမကစားဖို့ အစိုးရသတင်းစာ သတိပေး
2011.06.30
ဒီလို ဖော်ပြထားရာမှာ ဥပဒေလမ်းကြောင်းထဲက နိုင်ငံရေး လုပ်ကိုင်ဖို့၊ NLD ပါတီ ပြန်လည် မှတ်ပုံတင်ဖို့ နဲ့ လာမယ့် ရွေးကောက်ပွဲတွေမှာ ဝင်ရောက် ယှဉ်ပြိုင်ဖို့ ထောက်ပြထားပြီး တနိုင်ငံလုံးနဲ့ ကမ္ဘာက အသိအမှတ်ပြုထားတဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေနဲ့ အစိုးရ အဖွဲ့ကို အသိအမှတ် မပြုသလိုလိုနဲ့ နိုင်ငံရေး မကစားဖို့ သတိပေးထားပါတယ်။
ဒေါ်အောင်ဆန်းစုကြည် သွားဖို့ရှိတဲ့ နယ်ခရီးစဉ်တွေနဲ့ ပတ်သက်လို့ ပြည်ထဲရေး ဝန်ကြီးဌာနက သတိပေးစာ ပို့အပြီး တရက် အကြာမှာ အခုလို သတင်းစာ ဆောင်းပါးက သတိပေးထားတာ ဖြစ်ပါတယ်။
ဒီနေ့ သတင်းစာပါ ဝေဖန် သတိပေးချက်တွေနဲ့ ပတ်သက်လို့ NLD ပါတီ ပြောခွင့်ရ ပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက ဒီအကြောင်းအရာတွေဟာ ပါတီက စဉ်းစား လုပ်ဆောင်ရမယ့် ကိစ္စတွေသာ ဖြစ်တယ်လို့ တုံ့ပြန် ပြောကြား ပါတယ်။
"ကျနော်တို့ကလေ အစိုးရသတင်းစာ ဆောင်းပါးထဲမှာပါတာကို ပြန်ပီးတော့ မတုံ့ပြန်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ သတင်းစာမှာ ဆောင်းပါးရှင်ဘယ်သူမှန်းလည်း မသိဘူး။ အဲဒါကြောင့် အန်ကယ်တို့ ဘယ်တော့မှ မတုံ့ပြန်ဘူး။ ဒါပေမယ့်လို့ ဒီကိစ္စမှာတော့ မနေ့ကတည်းက အန်ကယ်ပြောနေတယ်။ ဒီနေ့လည်းထပ်ပါတယ်။ သဘောတော့ အတူတူပါပဲ။ အဲဒီတော့ ဒီဟာတွေက ကျနော်တို့ဘာသာ ကျနော်တို့ စဉ်းစားဆုံးဖြတ်ရမယ့်ကိစ္စကို သူတို့ရေးနေကြတာလေ။ အဲဒီတော့ ဘာမှထွေထွေထူးထူးတော့ အန်ကယ်တို့ မတုံ့ပြန်နိုင်ဘူး။ ဒါကို အန်ကယ်တို့တွေ့တယ်။ ဒါဟာအန်ကယ်တို့လဲ စဉ်းစားဆုံးဖြတ်နေတဲ့ ကိစ္စတွေထဲမှာ အကျုံးဝင်တဲ့ကိစ္စ ဒီလောက်ပဲ ပြောနိုင်တယ်။"
ဒီကနေ့ထုတ် အစိုးရသတင်းစာတွေထဲက ကိုမြန်မာ ကလောင်အမည်နဲ့ ရေးသားထားတဲ့ ရန်ဖြစ်မှာလား၊ ပြန်ချစ်မှာလား ဆောင်းပါးမှာ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ နိုင်ငံရေး လူမှုရေးကိစ္စတွေ ဆောင်ရွက်ရာမှာ လမ်းကြောင်းမှန်ဖို့ လိုတယ်လို့လည်း ဝေဖန်ထားပါတယ်။