လာမယ့် မတ်လ ၂၈ ရက်နေ့မှာ သမ္မတ ရွေးချယ်တင်မြှောက်ပွဲ ကျင်းပမည်
2018.03.26
ဒီနေ့ ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ လွှတ်တော်နာယကက နိုင်ငံတော်သမ္မတ ရွေးချယ်တင်မြှောက်ပွဲကျင်းပမယ့် နေ့ရက်နဲ့ အချိန်ကို ကြေညာခဲ့ပါတယ်။
နိုင်ငံတော်သမ္မတ ရွေးချယ်တင်မြှောက်ပွဲကို မတ်လ ၂၈ ရက် မနက် ၁၀နာရီမှာ ကျင်းပမှာဖြစ်တယ်လို့ ကြေညာခဲ့ပါတယ်။
ရွေးကောက်ခံပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များအစုအဖွဲ့က ရွေးချယ်တင်မြှောက်တဲ့ ဒုတိယသမ္မတစ်ဦးကို စိစစ်အတည်ပြုပြီးဖြစ်တဲ့အတွက် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်အားလုံးပါဝင်တဲ့ နိုင်ငံတော်သမ္မတ ရွေးချယ်တင်မြှောက်ရေးအဖွဲ့ဟာ ဒုတိယသမ္မတ ၃ ဦးထဲက နိုင်ငံတော်သမ္မတတစ်ဦးကို လာမယ့် မတ်လ ၂၈ရက်နေ့မှာ ရွေးချယ်တင်မြှောက်မှာ ဖြစ်ပါတယ်။
နှစ်နှစ်နီးပါးကြာ သမ္မတ တာဝန်ထမ်းဆောင်ခဲ့တဲ့ ဦးထင်ကျော်ဟာ ပြီးခဲ့တဲ့ မတ်လ ၂၁ ရက်နေ့က တာဝန်ကနေ နုတ်ထွက်ခဲ့တာဖြစ်ပါတယ်။
ဥပဒေအရ ပြည်သူ့လွှတ်တော်က ရွေးချယ်တင်မြှောက်တဲ့ ဒုတိယသမ္မတ ဦးဝင်းမြင့်၊ လက်ရှိဒုတိယသမ္မတတွေဖြစ် တဲ့ ဦးမြင့်ဆွေ၊ ဦးဟင်နရီဗန်ထီးယူ တို့ထဲက နိုင်ငံတော်သမ္မတကို မဲခွဲရွေးချယ်မှာဖြစ်ပါတယ်။
နိုင်ငံတော်သမ္မတ အရည်အချင်းစိစစ်ရေးအဖွဲ့ကို လွှတ်တော်နှစ်ရပ်က ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ စုစုပေါင်း ၄ ဦးနဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ၁ ဦး၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ၁ ဦး၊ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ၁ ဦး တို့နဲ့ ဖွဲ့စည်းထားပါတယ်။