ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဝင်းမြင့်ရဲ့အမှုနှစ်ခု ပြင်ဆင်မှု ဇူလိုင်လမှာ ကြားနာဖို့ရှိ

RFA Burmese
2023.06.24
ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဝင်းမြင့်ရဲ့အမှုနှစ်ခု ပြင်ဆင်မှု ဇူလိုင်လမှာ ကြားနာဖို့ရှိ ရန်ကုန်မြို့ရှိ တရုတ်သံရုံးရှေ့တွင် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၁ ရက်နေ့က စစ်အာဏာရှင်ကို ဆန့်ကျင်ဆန္ဒပြကြစဉ်။
SAI AUNG MAIN / AFP

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့်တို့ရဲ့ အမှုနှစ်ခု ပြင်ဆင်မှုအတွက် လာမယ့် ဇူလိုင်လပထမပတ်ထဲ ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှာ ကြားနာစစ်ဆေးဖို့ရှိတယ်လို့ တရားရုံးနဲ့ နီးစပ်တဲ့အသိုင်းအဝိုင်းက RFA ကိုပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ အစိုးရလျှို့ဝှက်ချက်အက်ဥပဒေနဲ့ တရားစွဲထောင်ချခံထားရတဲ့ အမှုတစ်ခုနဲ့ သမ္မတ ဦးဝင်းမြင့်ရဲ့ ရွေးကောက်ပွဲဆိုင်ရာ မလျော်ဩဇာသုံးမှု ရာဇသတ်ကြီး ဥပဒေပုဒ်မ - ၁၃၀ (က) အမှုအတွက် ကြားနာစစ်ဆေးမှာဖြစ်တယ်လို့ တရားရုံးနဲ့ နီးစပ်သူတစ်ဦးက RFA ကိုပြောပါတယ်။

"ဇူလိုင်လ ၅ ရက်နေ့မှာ ရာဇဝတ်ပြင်ဆင်နှစ်မှုရှိတယ်။ ဦးဝင်းမြင့်ပါနှစ်ဦးနဲ့ ဝန်ကြီးဦးမင်းသူက ရွေးကောက်ပွဲ အမှု။ ဒေါ်အောင်ဆန်းစုကြည်ကတော့ ရှောင်တာနဲလ်တို့နဲ့ပါခဲ့တဲ့ ငါးဦးကို အစိုးရလျှို့ဝှက်ဥပဒေနဲ့ ပြစ်ဒဏ်ချခဲ့တဲ့ အမှုလို့သိရပါတယ်"

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေအဖွဲ့ကတော့ လူချင်းတွေ့ဆုံခွင့်ရဖို့ စစ်ကောင်စီရဲ့ နေပြည်တော် အကျဉ်းဦးစီးဌာနကို ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ဒုတိယပတ်ကတည်းက တရားဝင်စာတင်ပြီး တွေ့ခွင့်တောင်းထားပေမယ့် ဒီနေ့အထိ တွေ့ဆုံခွင့်မရသေးပါဘူး။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်ကောင်စီကစွပ်စွဲထားတဲ့ အမှု ၁၉ ခုအတွက် နေပြည်တော်အချုပ်ထောင်ထဲက သီးသန့်အဆောက်အအုံတစ်ခုမှာ ထောင်ဒဏ် ၃၃ နှစ် ကျခံနေရတာပါ။

နိုင်ငံတော်သမ္မတ ဦးဝင်မြင့်ကတော့ စစ်ကောင်စီတပ်ကစွပ်စွဲထားတဲ့ အမှုပေါင်းရှစ်မှု အတွက် ထောင်ဒဏ် ၁၂ နှစ် ချမှတ်ခံထားရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။