သမ္မတနဲ့ ဒေါ်အောင်ဆန်းစုကြည် အယူခံအမှုတွေ ဇူလိုင်မှာ ကြားနာဖို့ရှိ
2023.06.30

နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်နဲ့ နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်တို့ကို စွပ်စွဲထောင်ချထားတဲ့ အမှုတွေထဲက ပြည်ထောင်စုတရားလွှတ်တော်ချုပ်ထံ အယူခံနဲ့ အထူးအယူခံတက်ထားတဲ့ အမှု ၁၀ မှုကျော်ကို လာမယ့် ဇူလိုင်လထဲမှာ ကြားနာဖို့ ရှိတယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေကပြောပါတယ်။
ဇူလိုင်လ ၅ ရက်နေ့မှာ ရွေးကောက်ပွဲ မသမာမှုစွပ်စွဲချက် ရာဇသတ်ကြီးပုဒ်မ - ၁၃၀ (က)နဲ့ အစိုးရလျှို့ဝှက်ချက် အက်ဥပဒေ ပုဒ်မ-၃ (၁) (ဂ) အမှု နှစ်ခုအတွက် ရာဇဝတ်ပြင်ဆင်မှု တက်ဖို့ ပြည်ထောင်စု တရားလွှတ်တော်ချုပ်မှာ ကြားနာရမှာ ဖြစ်ပါတယ်။
ဇူလိုင်လ ၁၂ ရက်နေ့မှာတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အစိုးရလက်ထက် ရဟတ်ယာဉ် ဝယ်ယူ ငှားရမ်းမှုနဲ့ သက်ဆိုင်တဲ့ အဂတိအမှု ငါးမှုရဲ့ အယူခံတွက် ကြားနာဖို့ ရှိနေတာပါ။
သမ္မတ ဦးဝင်းမြင့်၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ နေပြည်တော်မြို့တော်ဝန် ဒေါက်တာ မျိုးအောင်တို့အပေါ် စွပ်စွဲထောင်ချခဲ့တဲ့ ရာဇတ်ကြီးပုဒ်မ - ၅၀၅ (ခ) အမှုရဲ့ အထူးအယူခံကိုတော့ ဇူလိုင်လ ၁၈ ရက်နေ့မှာ ကြားနာဖို့ ပြည်ထောင်စု တရားလွှတ်တော်ချုပ်က ချိန်းဆိုထားပါတယ်။
စစ်တပ်အာဏာသိမ်းတဲ့နေ့က ဒေါ်အောင်ဆန်းစုကြည် ရဲ့ အိမ်ကနေ Walkie-Talkie စကားပြောစက်နဲ့ တယ်လီဖုန်းလိုင်း ဖြတ်တောက်စက် Jammer တွေ့လို့ဆိုတဲ့ အပေါ် တရားစွဲထောင်ချထားတဲ့ ပို့ကုန်သွင်းကုန် ဥပဒေပုဒ်မ-၈ နဲ့ ဆက်သွယ်ရေးပုဒ်မ-၆၇ အမှုတွေရဲ့ အထူးအယူခံအတွက်လည်း ဇူလိုင်လ ၁၈ ရက်နေ့မှာပဲ ကြားနာဖို့ ရှိနေပါတယ်။
ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်ပေါ် စွပ်စွဲထားတဲ့ သဘာဝဘေးအန္တရယ် စီမံခန့်ခွဲမှုဆိုင်ရာ ဥပဒေပုဒ်မ-၂၅ အမှု နှစ်ခုရဲ့ အထူးအယူခံကိုလည်း အဲဒီနေ့တစ်ရက်တည်းမှာပဲ ကြားနာဖို့ ရှိနေတာပါ။
အသက် ၇၈ နှစ်အရွယ် ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်ကောင်စီကစွပ်စွဲထားတဲ့ အမှု ၁၉ ခုအတွက် နေပြည်တော်အချုပ်ထောင်ထဲက သီးသန့်အဆောက်အအုံတစ်ခုမှာ ထောင်ဒဏ် ၃၃ နှစ် ကျခံနေရပါတယ်။
အသက် ၇၁ နှစ်အရွယ် နိုင်ငံတော် သမ္မတ ဦးဝင်မြင့်ကတော့ စစ်ကောင်စီတပ်က စွပ်စွဲထားတဲ့ အမှုပေါင်း ရှစ်မှုအတွက် ထောင်ဒဏ် ၁၂ နှစ် ချမှတ်ခံထားရပြီး ပဲခူးတိုင်း တောင်ငူအကျဉ်းထောင်မှာ ဖမ်းဆီးထိန်းသိမ်းခံထားရပါတယ်။