ပြည်နယ်အစိုးရတွေကိုပါ သယံဇာတ လုပ်ပိုင်ခွင့်ပေးဖို့ တိုက်တွန်း
2016.03.22

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရသစ်လက်ထက်မှာ သဘာဝ သယံဇာတတွေကို စီမံခန့်ခွဲတဲ့အခါ ဗဟိုချုပ်ကိုင်မှုလျှော့ချပြီး ပြည်နယ်အစိုးရတွေကို လုပ်ပိုင်ခွင့်ပေးဖို့ ရခိုင့်ရေနံစောင့်ကြည့်ရေးအဖွဲ့က အစီရင်ခံစာထုတ်ပြန်တောင်းဆိုလိုက်ပါတယ်။
သယံဇာတ ကျိန်စာတိုက်ဖျက်ရေးလို့ အမည်ပေးထားတဲ့ အဲဒီအစီရင်ခံစာပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲ တစ်ရပ်ကို ရန်ကုန်မြို့ Summit Park View ဟိုတယ်မှာ ကျင်းပခဲ့တာဖြစ်ပါတယ်။ ရခိုင်ပြည်နယ်က ရွှေဂက်စ် စီမံကိန်းနဲ့ ဥပမာပေးပြီး သဘာဝ သယံဇာတတွေကို စီမံခန့်ခွဲရာမှာ ပြည်နယ်အစိုးရတွေကို လုပ်ပိုင်ခွင့်ပေးဖို့ အစီရင်ခံစာ ထုတ်ပြန်တဲ့အထဲမှာ ပါဝင်သူ ကျောက်ဖြူလူမှုကွန်ရက်က ကိုထွန်းကြည်က ပြောပါတယ်။
"ဗဟိုချုပ်ကိုင်မှု အရမ်းနိမ့်ကျတဲ့နိုင်ငံတစ်နိုင်ငံမှာ ဒေသခံတွေ ဖွံ့ဖြိုးတိုးတက် မလာဘူးဆိုတာကို ကျနော်တို့ ရွှေဂက်စ်က မီးမောင်းထိုးပြနေတယ်၊ အဲ့ဒါကြောင့် ရှေ့နိုင်ငံရေးအလားအလာမှာ ကျနော်တို့ရဲ့ပြည်သူတွေဘဝ ဖွံ့ဖြိုးတိုးတက် လာဖို့အတွက် ကျနော်တို့လူနည်းစုတွေရဲ့အခွင့်အရေးကို အဓိကအလေးပေး ဆောင်ရွက်ပြီးတော့ ပြည်နယ်နဲ့ တိုင်းအသီးသီးမှာ ရှိနေကြတဲ့အစိုးရကို ကျနော်တို့ရှင်းပြပိုင်ခွင့်တွေပေးလာဖို့လိုတယ်၊ ကိုယ်တိုင်ဆုံးဖြတ်ခွင့်ရလာတဲ့ နောက်ပိုင်းမှာ သူတို့ကြမ္မာကို သူတို့ကိုယ်တိုင်ပဲ ဖန်တီးလို့ရလာတဲ့နေ့ကျတော့မှာပဲ ဒီနိုင်ရဲ့ဖွံ့ဖြိုးတိုးတက်မှုဆိုတာကို တွက်လို့ရမယ်ဆိုတာကို ကျနော့်အနေနဲ့ ခံစားမိပါတယ်"
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၃၇ (က) မှာ မြန်မာနိုင်ငံအတွင်းက ရေပေါ်ရေအောက်၊ မြေပေါ်မြေအောက် ၊ လေထုအတွင်းနဲ့ မြေအားလုံးက သယံဇာတအားလုံးကို နိုင်ငံတော်ကပိုင်ဆိုင်ကြောင်း ပြဌာန်းထားတာကို ပြင် ဆင်ပြီး ပြည်နယ်တွေကို ခွဲဝေပိုင်ဆိုင်ခွင့်ပြုဖို့ကိုလည်း တောင်းဆိုထားပါတယ်။
သမ္မတဦးသိန်းစိန် အစိုးရသက်တမ်းအတွင်း မြန်မာနိုင်ငံအနှံ့မှာ ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်း ၄၄ ခုကို နိုင်ငံတော် အစိုးရက လုပ်ကိုင်ခွင့်တွေချပေးခဲ့ပါတယ်။
အဲဒီက ရရှိတဲ့ ဝင်ငွေတွေကို နိုင်ငံတော် အစိုးရက ၅၀ ရာခိုင်နှုန်း၊ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းက ၅၀ ရာခိုင်နှုန်းဆီ ရယူထားပြီး ဘယ်နေရာတွေ မှာ ပြန်လည်သုံးစွဲကြောင်း တရားဝင်ထုတ်ပြန်တာတွေ မရှိကြောင်းလည်း အစီရင်ခံစာက ထောက်ပြထားပါတယ်။
စီမံကိန်းတွေကို အကောင်အထည်ဖော်ဆောင်ရွက်ရာမှာလည်း အစိုးရတစ်ခုတည်းက မဆုံးဖြတ်ဘဲ ဒေသအခြေပြု အရပ်ဘက်အဖွဲ့တွေ၊ နိုင်ငံရေးပါတီတွေ၊ လက်နက်ကိုင်အဖွဲ့တွေနဲ့ ဆွေးနွေးပြီးမှ အကောင်အထည်ဖော်ဆောင် ရွက်ဖို့ကိုလည်း တိုက်တွန်းထားပါတယ်။