ရခိုင်ဒေသထွက် သယံဇာတ ၅၀ ရာခိုင်နှုန်း ခံစားခွင့် ကွန်ရက်အဖွဲ့တောင်းဆို
2015.06.16

ရခိုင်ပြည်နယ်ကထွက်ရှိတဲ့ သဘာဝသယံဇာတ အကျိုးအမြတ် ၅၀ ရာခိုင်နှုန်းကို ရခိုင်ဒေသခံတွေ ခံစားခွင့်ရဖို့ အတွက် ပြည်ထောင်စုအစိုးရက သတ်မှတ်ပေးဖို့ ရခိုင့်သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာကွန်ရက် က တောင်းဆိုလိုက်ပါတယ်။
ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်က ဒေသခံတွေက မနေ့က ကြေညာချက်ထုတ်ပြန် တောင်းဆို လိုက်တာလို့ ကွန်ရက်အဖွဲ့ခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးထွန်းလွင်က ပြောပါတယ်။
"အကျိုးအမြတ်ရဲ့ ၅ဝ ရာခိုင်နှုန်းကိုရဖို့ ကျနော်တို့တောင်းဆိုတယ်၊ ဒါက ရသင့်ရထိုက်တယ်လို့ ရခိုင်အများစုက ဆုံးဖြတ်ခဲ့တာဖြစ်တယ်၊ နိုင်ငံတကာမှာ တချို့ဒေသတွေမှာ ၅ဝ ရာခိုင်နှုန်းထက်တောင်ပိုပြီးမှ သယံဇာတထွက် တဲ့ ဒေသတွေကို ပေးတဲ့ဟာမျိုးရှိတယ်၊ ကျနော်တို့ ၅ဝ ရာခိုင်နှုန်းကို တောင်းထားတယ်၊ အစိုးရအနေနဲ့ တုန့်ပြန်တာမရှိသေးဘူး၊ သို့သော်လည်း ကျနော်တို့တောင်းတာ များလွန်းလို့ မပေးဘူးလားလို့ ကျနော်တို့ ဘယ်တော့မှမထင်ဘူး၊ ကျနော်တို့ဆက်တောင်းနေရမှာပဲ"
ဒါ့အပြင် ရခိုင်ပြည်နယ်မှာ တူးဖော်ထုတ်လုပ်ခွင့်ပြုထားတဲ့ ကမ်းလွန်ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ကွက် ၉ ခုကို ရပ်တန့်ပေးဖို့လည်း တောင်းဆိုထားပါတယ်။
တရုတ်နိုင်ငံကို တင်ပို့ရောင်းချနေတဲ့ ရွှေသဘာဝဓာတ်ငွေ့စီမံကိန်းကနေ ရခိုင်ပြည်နယ်က အကျိုးခံစားခွင့် မရရှိသေးတဲ့အပြင် လယ်ယာမြေဆုံးရှုံးမှုတွေ၊ လူ့အခွင့်အရေးချိုးဖောက်ခံရမှုတွေနဲ့ သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုတွေကိုသာ ခံစားနေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
တောင်ကုတ်မြို့နယ်မှာ အကောင်အထည်ဖော်နေတဲ့ နေပူတောင် မာဘယ်ကျောက်ထုတ်လုပ်ရေး စီမံကိန်း၊ ကျောက်ဖြူမြို့နယ်မှာ ပြင်ဆင်နေတဲ့ ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ စီမံကိန်းတွေကိုလည်း ရပ်တန့်ပေးဖို့လည်း ကြေညာချက်မှာ တောင်းဆိုထားပါတယ်။
အဲဒီတောင်းဆိုချက်တွေနဲ့ ပတ်သက်ပြီး ရခိုင့်သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာကွန်ရက်က ရခိုင်ပြည်နယ်ဝန်ကြီးချုပ်နဲ့ တွေ့ဆုံဆွေးနွေးသွားမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။