ကျောက်ဖြူစီးပွားရေးဇုန်ကို ရပ်ဆိုင်းပေးဖို့ ဒေသ ခံတွေ တောင်းဆို


2017.01.26
kyaukphyu-economy-zone-620.jpg ကျောက်ဖြူအထူးစီးပွားရေးဇုန်ကို တေ့ွရစဉ်
Photo: Min Thein Aung/RFA

ရခိုင်ပြည်သူလူထုရဲ့ လူနေမှုဘဝနဲ့ သဘာဝပတ်ဝန်းကျင်ကို အကာအကွယ်ပေးပြီး အာမခံချက်ရှိစေနိုင်မယ့် ဥပဒေ၊ နည်းဥပဒေတွေမရှိသေးတာကြောင့် ကျောက်ဖြူအထူးစီးပွားရေးဇုန် စီမံကိန်းကိုရပ်တန့်ထားဖို့ စီမံကိန်း ဧရိယာအတွင်းမှာပါဝင်တဲ့ ကျေးရွာပေါင်း ၂၅ ရွာက ဒေသခံ ၃၀၀ လောက်က ဒီနေ့ ကျောက်ဖြူမြို့နယ်မှာ ပြုလုပ် တဲ့ ဆွေးနွေးပွဲမှာ တောင်းဆိုလိုက်ပါတယ်။

ဒီနေ့ ဆွေးနွေးပွဲကို ကျောက်ဖြူမြို့နယ် နှမ်းဖဲတောင်ကျေးရွာမှာပြုလုပ်ခဲ့တာဖြစ်ပြီး အဲဒီအထူးစီးပွားရေးဇုန် စီမံကိန်းကြောင့် ဒေသခံတွေရဲ့ ရပိုင်ခွင့်တွေဆုံးရှုံးသွားမှာကို စိုးရိမ်တဲ့အကြောင်းကို အဓိကထား ဆွေးနွေးခဲ့တယ် လို့ ကျောက်ဖြူကျေးလက်ဒေသဖွံ့ဖြိုးရေးအသင်း ညှိနှိုင်းရေးမှူး ဦးထွန်းကြည် ကပြောပါတယ်။

ကျောက်ဖြူအထူးစီးပွားရေးဇုန် စီမံကိန်းကြောင့် အသစ်ဖြစ်ပေါ်လာမယ့် အလုပ်အကိုင်အခွင့်အလမ်းတွေမှာ ဒေသ ခံတွေအတွက် အလုပ်အကိုင်ရရှိနိုင်တဲ့ အခွင့်အလမ်းနည်းပါးမှာဖြစ်သလို ဗဟိုချုပ်ကိုင်မှုလွန်ကဲတဲ့ စီမံကိန်းဖြစ် တာကြောင့် ဒေသခံတွေနဲ့ ရခိုင်ပြည်သူလူထုအတွက်ပါ အကျိုးအမြတ်မရှိနိုင်ဘူးဆိုတာကို ဆွေးနွေးခဲ့ကြတယ် လို့လည်း သိရပါတယ်။

ဒီနေ့အစည်းအဝေးနဲ့ပတ်သက်ပြီး အချက် ၁၁ ချက်ပါတဲ့ ဆုံးဖြတ်ချက်ကြေငြာချက် တစ်စောင်ကိုလည်း ထုတ်ပြန် လိုက်ပါတယ်။

အဲဒီထုတ်ပြန်ချက်မှာ အထူးစီးပွားရေးဇုန် စီမံကိန်းကြောင့် မိရိုးဖလာအရပိုင်ဆိုင်လာခဲ့ကြတဲ့ မြေယာတွေ ဆုံးရှုံးခံ ရနိုင်တာအပြင် ဒေသခံတွေပိုင်ဆိုင်တဲ့ မြေယာတွေအတွက် သေချာတဲ့အာမခံချက် မရှိတဲ့အတွက် နိုင်ထက်စီးနင်း ခံမှုတွေရှိလာမှာကို စိုးရိမ်မိကြောင်း အချက်တွေကို ဖော်ပြထားပါတယ်။

ဒီနေ့အစည်းအဝေးကို ကျောက်ဖြူအထူးစီးပွားရေးဇုန် စီမံကိန်းဧရိယာအတွင်းမှာပါဝင်တဲ့ မင်းတပ်တောင်၊ စီမော်၊ ရှောက်ချောင်း၊ ကပ်သပြေ၊ ဇင်ချောင်း၊ ချောင်းဝ၊ ကုလားပါ စတဲ့ကျေးရွာပေါင်း ၂၅ ရွာက ဒေသ ခံတွေ ပြုလုပ်ခဲ့ကြတာပါ။

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်မှာ ဧကပေါင်း လေးထောင့်နှစ်ရာကျော်ကျယ်ဝန်းမယ့် အထူးစီးပွားရေးဇုန် စီမံကိန်းကို အစိုးရက မကြာခင် အကောင်အထည်ဖော်ဖို့ ပြင်ဆင်နေတာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။