NDF ပါတီဝင် အမြောက်အမြား မိခင်ပါတီ NLD ကို ပြန်မည်
2011.12.03

နှုတ်ထွက်စာတင်တဲ့ ပျော်ဘွယ်မြို့နယ် NDF အဖွဲ့ဝင် ၅ ဦးကတော့ ဦးခင်အောင် (ဥက္ကဋ္ဌ)၊ ဦးဇော်မင်း (အတွင်းရေးမှူး)၊ ဦးထွန်းထွန်းဝင်း (တွဲဘက် အတွင်းရေးမှူး)၊ ဦးကျော်စွာ (ဘဏ္ဍာရေးမှူး) နဲ့ ကိုချမ်းမြေ့ပိုင် (လူငယ်တာဝန်ခံ) တို့ ဖြစ်ပါတယ်။
အခုလို အစုလိုက်အပြုံလိုက် နှုတ်ထွက်ကြတာနဲ့ ပတ်သက်ပြီး မန္တလေးတိုင်း စည်းရုံးရေးကော်မီတီ ဥက္ကဋ္ဌနဲ့ ဗဟို အလုပ်အမှုဆောင် ဒု-ဥက္ကဋ္ဌ ဒေါက်တာလှစိုးညွန့်ကို အာအက်ဖ်အေက မေးမြန်းရာမှာ
“ကျနော်တို့ မန္တလေးတိုင်း NDF ကိုတော့ စာပို့တာပြုတာတော့ ရောက်မလာသေးဘူး။ ဘာမှ မသိရသေးဘူး။ ကျနော်တို့ ပါတီထဲမှာတော့ ဘယ်သူမဆို ပါတီထဲကို ဝင်တာထွက်တာနဲ့ ပတ်သက်ပြီး ကန့်သတ်ထားတာတော့ မရှိဘူးခင်ဗျ။ သူတို့ရဲ့ သဘောအလျောက် ပါတီဝင်ချင်တယ်ဆိုရင်လည်း ကျနော်တို့ ခွင့်ပြုပါတယ်။ တခြားနိုင်ငံရေးပါတီတွေထဲမှာ အလုပ်ချင်တယ်၊ ဝင်ချင်တယ်ဆိုလည်း ကျနော်တို့က ခွင့်ပြုပါတယ်”
ပဲခူးတိုင်း NDF ပါတီဥက္ကဋ္ဌ ဦးအောင်မျိုးဝင်းက သူ့ရဲ့အမြင်ကို ပြောပါတယ်။
“ဒီလူတွေက NLD ကလူတွေ ဖြစ်နိုင်တယ်။ NLD က အခု ရွေးကောက်ပွဲဝင်မယ်၊ မှတ်ပုံတင်တယ်ဆိုတော့ ပြန်လည်ပေါင်းစည်းရေးကို လုပ်ချင်တဲ့သဘောနဲ့ လုပ်တာ ဖြစ်မယ်လို့ ထင်တယ်။ ကျနော်တို့လည်း အဲဒီလို အယူအဆ ရှိနေတယ်လေ၊ ဒါပေမယ့် ဒေါက်တာသန်းငြိမ်းတို့ ဦးခင်မောင်ဆွေတို့ ဆိုတာလည်း တကယ့် နိုင်ငံရေးပုဂ္ဂိုလ်ဟောင်းတွေပဲလေ။ NLD မှာ အကြာကြီး လုပ်ခဲ့ပြီး ထောင်လည်း ၂၇ နှစ်ကျခဲ့တဲ့ အခါကျတော့ သူတို့ကိုလည်း တော့ ပေးရမယ်။ ကျနော်ကလည်း လက်ရှိ ပဲခူးတိုင်းဥက္ကဋ္ဌ နေရာယူထားတော့ ကျနော် ရုတ်တရက် ထွက်လိုက်ရင် သူတို့ စိတ်တွေ အရမ်းပျက်မှာလည်း စိုးရိမ်တော့။ ကျနော့်သဘောထားကတော့ ကဲ ဟုတ်ပြီ၊ အန်ကယ်တို့ NLD စီအီးစီ သို့မဟုတ် အန်တီနဲ့ ရှေ့မှာ ဘာတွေ ပြောဆိုဆွေးနွေးဖို့ ရှိလဲဆိုတာ မေးပြီးတော့မှ ဘယ်လိုလုပ်ရမလဲ ပြန်စဉ်းစားမယ်”
အရင်က NLD ပါတီဝင်ဟောင်းတွေ ဖြစ်ခဲ့တဲ့ NDF ပါတီဝင် အများအပြားဟာ လက်ရှိ နိုင်ငံရေး အခင်းအကျင်းအရ NLD ပါတီနဲ့ ပြန်လည်ပူးပေါင်းဖို့ ဆန္ဒရှိနေကြတယ်လို့ သိရပါတယ်။